Tuesday, May 17, 2011

မျှော်လင့်ချက်နှင့်တကယ့်လက်တွေ့

မေလ ၁၇၊ ရန်ကုန် ။ YPI အဖွဲ့

နံနက် ၁၀နာရီသာသာ အချိန်၊ အင်းစိန်ထောင်အ၀င်ဝတွင် များပြားလှသည့် လူအုပ်ကြီးက ထောင်ဝင်းတံခါးဘက်ကို မျှော်ကြည့်လိုက် တံခါးမကြီးအဖွင့်တွင် အနားကပ်ပြီး သွားကြည့်လိုက်ဖြင့် စိတ်လှုပ်ရှားစွာစောင့်မျှော် နေကြသည်။ ထောင်ဝင်းအတွင်း ဗူးတံခါးဝကြီး၏ ညာဘက်တွင် အားကစားရုံ အသစ်ထဲတွင်တော့ ဘယ်ညာ ပလပ်စတစ်ခုံ တန်းများများတွင် ကိုယ်ပိုင် အထုပ်အပိုးများ ဘေးချလျက် ကျား တခြမ်း၊ မတခြမ်း သီးခြားစီခွဲပြီး ထိုင်နေကြသည်။ ထိုင်နေသူများမှာ ယမန်နေ့က ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လွတ်မြောက်ရန် အကျုံးဝင်သူများဖြစ်သည်။

 

အချို့သောသူတို့၏ မျက်နှာမှာ စိတ်လှုပ်ရှား ၀မ်းသာ နေပုံပေါ်သော်လည်း အချို့မှာ အတန်ကြာစိမ်းနေသည့် အပြင်လောကနှင့် ပြန်တွေ့ရမည် အဖြစ်ကို စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ အမျိုးသား ၂၀၀နှင့် အမျိုးသမီး ၂၀၀ ကိုယနေ့နံနက် ပထမဆုံးလွှတ်မည့် အသုတ်အဖြစ်ရွေးချယ်ပြီး အကျဉ်းဦးစီး ညွှန်ချုပ်ဖြစ်သူ ဦးဇော်ဝင်းက သြ၀ါဒပေးနေခြင်းလည်းဖြစ်သည်။

ဦးဇော်ဝင်းက သမ္မတ၏ ဆောင်ရွက်ချက်၊ စေတနာကို ထည့်သွင်းပြောပြပြီး နောက်နောင် ယခုလို ပြစ်ဒဏ်မခံရအောင် ဥပဒေချိုးဖေါက်သည့် အလုပ်များမလုပ်မိစေရန် ဆုံးမလျက်ရှိသည်။ အခက်အခဲရှိလျင်လည်း ၄င်းတို့နှင့် ဆက်သွယ်တိုင်ပင်နိုင်ကြောင်းလည်း ပြောဆိုသည်။ မိနစ်အနည်းငယ်အကြာတွင် ညွှန်ချုပ်၏ သြ၀ါဒ ပေးခြင်းပြီးစီးသွားပြီး အကျဉ်းသားများအား လိုက်နှုတ်ဆက်ရန် ဆင်းလာရင်း အကျဉ်းသားများအား လမ်းစရိတ် တထောင်ကျပ်စီ ထုတ်ပေးပြီးပြီလားဟု သူ့လက်အောက်ငယ်သားများအား မေးမြန်းလိုက်သည်။

 

ဦးဇော်ဝင်း၏ မိန့်ခွန်း သြ၀ါဒထဲတွင် တနိုင်ငံလုံး အကျဉ်းသား ၁၄၆၀၀ ကျော် ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် အကျုံးဝင် လွှတ်ပေးမည့် အကြောင်းနှင့် ရန်ကုန် အင်းစိန်အကျဉ်းထောင် တထောင်ထဲမှ စုစုပေါင်း ၂၅၀၀ ၀န်းကျင် လွှတ်ပေးမည်ကိုပြောသွားသည်။

မေလ ၁၆ ရက်နေ့နေ့စွဲဖြင့် သမ္မတက လက်မှတ်ထိုး ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်လာသူများအထဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခြင်းခံရသည့် အကျဉ်းသားများအဖို့ ထူးခြားစွာ အကျိုးခံစားရခြင်း မရှိသည့် အတွက် ကြေညာချက်ကြားသိရစဉ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရသည်ဟု ယနေ့လွတ်မြောက်လာသူများက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် စတင်ကြားရသည့် အချိန်မှာ ညနေ ၆ နာရီ ယမန်နေ့ည ဘုရားရှစ်ခိုးချိန်တွင် ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆိုသည့် သတင်းကြောင့် အဆောင်တစ်ဆောင်လုံး ဆူညံစွာ အော်ဟစ်ခဲ့ကြသည်ဟု အမျိုးသမီး အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဒေါ်အေးအေးခင် (အမည်ရင်းမဟုတ်) ကပြောသည်။ အကျဉ်းသူများလည်း ဆူညံစွာအော်ဟစ်နေကြပြီး အကျဉ်းထောင် စောင့်သည့် ၀န်ထမ်းများကလည်း အော်ဟစ်ပြီး ထိန်းခဲ့ကြရသဖြင့် ထောင်တခုလုံး ဆူညံခဲ့ပြီး ည ၈နာရီသတင်းကို စိတ်ဝင်စားစွာ စောင့်မျှော်နားထောင် ကြသည့်နောက် သေဒဏ် ပြစ်ဒဏ်ကို ထောင်တသက် ပြစ်ဒဏ် သို့ပြောင်းလဲခြင်းနှင့် အခြားသူများအဖို့ ၁ နှစ်လျော့ပေါ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သဖြင့် အများစုမှ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြရသည်ဟု ၄င်းကပင်ပြောပြသည်။

 

သူပြစ်ဒဏ်ကျရသည့် အဖြစ်ကို ထုတ်ဖေါ်မပြောသော်လည်း လင်မယား နှစ်ဦးစလုံး ထောင်ကျခဲ့ပြီး လင်ယောင်္ကျားဖြစ်သူမှာ ပြစ်ဒဏ်ကာလပိုများ သဖြင့် ယခုလွတ်မည့် အထဲမပါဟုပြောသည်။ ယမန်နေ့ညက ကြေညာချက် ပြည့်ပြည့်စုံစုံ သိရပြီးနောက်ပိုင်း နှစ်ရှည်ထောင်ဒဏ် ကျခံရသူများ အနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ လွတ်မည့်သူများအား မဲ သည့်အဖြစ်မျိုးလည်း ရှိခဲ့သည်ဟု သူကပြောပြသည်။

 

ယနေ့ လွတ်လာသူ များထဲမှ  ဒေါပုံ မြို့နယ် အန်အယ်ဒီ အဖွဲ့ဝင်ဖြစ်သည့် ကိုညီညီအောင်ကလည်း အင်းစိန်ထောင်တွင်း  အခြေအနေကို ပြောပြရာတွင် "သမ္မတ အသစ် တက်လာကတည်းက လွတ်ငြိမ်းချမ်းသာခွင့် ရမယ်လို့ မျှော်လင့်ထားကြတာ၊ အဲဒီအတွက် လွတ်တောပြီးပြီ ဆိုကတည်းက သမ္မတသစ် တက်လာကတည်းက ၀ိုင်းပြီးအားပေးလိုက်ကြတာ ၊ သမ္မတသစ်ကို အာဏာလွှဲလိုက်တယ် ဆိုတဲ့နေ့က အထဲကလူတွေ ၀မ်းသာပြီး လက်ခုပ်တွေဘာတွေတီးလိုက်ကြတာ၊ ငါတို့လွတ်တော့မယ် ဆိုပြီး၊ အခုတကယ် ကြေညာတော့ ဘာမှ သိသိသာသာ မပါလာလို့ စိတ်ပျက်ကုန်ကြတာ၊ ကျွန်တော်ကတော့ လပိုင်းလောက်ပဲ ကျန်တယ်ဆိုတော့ ဘာမှ ဒိလောက်မဖြစ်ပေမယ့် အထဲမှာ ကျန်ခဲ့တဲ့ နှစ်ကြီးသူတွေတော့ စိတ်ပျက်လက်ပျက် ဖြစ်ကျန်ခဲ့တာ"ဟု ပြောသည်။

 

မတ်လ ၃၀ ရက်တွင် ရွေးကောက်ပွဲဖြင့် တက်လာသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလွှမ်းမိုးသည့် အစိုးရအဖွဲ့လက်သို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရမှ အာဏာလွှဲအပ်ခဲ့ပြီးနောက် ပြည်တွင်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများကပါ အရေအတွက် ၂၀၀၀ ကျော်ရှိသည့် နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရန် ၀ိုင်းဝန်း တိုက်တွန်း တောင်းဆိုလျက်ရှိကြသည်။

 

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးပြီး သမ္မတထံ ပေးပို့သည့် လှုပ်ရှားမှုကိုလည်း အန်အယ်ဒီပါတီနှင့် အခြားသော တက်ကြွလှုပ်ရှားသူများက ဧပြီလကုန်မှ စတင်ပြီး လုပ်ဆောင်လျက်ရှိသည်။ ယခုလို ပြစ်ဒဏ် တစ်နှစ်သာ လျော့ပေါ့ပေးသည့် ကြေညာချက်ကြောင့် လွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ဆောင်သူများ အနေဖြင့် သူတို့၏ လုပ်ဆောင်ချက်ကို ဆက်လက်လုပ်ဆောင် သွားရမည်ဟု တက်ကြွလှုပ်ရှားသူ တဦးက သူ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်ကိုလည်း ဖတ်ရှုရသည်။

 

"အမိန့်အမှတ် ၂၈/၂၀၁၁ လွတ်ငြိမ်းချမ်းသာခွင့်" ထိုအရာက  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြရသူ ချစ်ခင်သူ၊ ဇနီး၊ ခင်ပွန်း ၊ သားသမီး များ၏ အိမ်အပြန်ကို မျှော်လင့်နေသည့် မိသားစုများစွာအား ဆန္ဒပြည့်ဝစေသည့် ကြေညာချက်တစ်ခု မဟုတ်သည်ကတော့ သေချာသည်။

ယနေ့အင်းစိန်အကျဉ်းထောင်မှ လွတ်လာသည့် အကျဉ်းသူအချို့ အကျဉ်းထောင်ဝင်း အတွင်းမြင်တွေ့ရစဉ်
ဒေါပုံ အန်အယ်ဒီ မှ ကိုညီညီအောင် အားဝိုင်းဝန်း သတင်းမေးနေကြစဉ်


--
မေတ္တာဖျန်း၍...လန်းကြပါစေ..............

ဥက္ကာကိုကို(သံတွဲ)

                        \!!!!!!/
                       ( õ õ )
 -----------------oOOO----------------------   
       http://www.mgoakkarkoko.co.cc
https://oakkarkoko.wordpress.com
--------------------------oOOO--------------
                      |__| |__|
                        ||    ||
                    ooO   Ooo

Bookmark and Share

0 ယောက် ဝေဖန်ဖတ်ရှုခဲ့သည်:

 
Powered by Blogger