Tuesday, May 17, 2011

မျှော်လင့်ချက်နှင့်တကယ့်လက်တွေ့

မေလ ၁၇၊ ရန်ကုန် ။ YPI အဖွဲ့

နံနက် ၁၀နာရီသာသာ အချိန်၊ အင်းစိန်ထောင်အ၀င်ဝတွင် များပြားလှသည့် လူအုပ်ကြီးက ထောင်ဝင်းတံခါးဘက်ကို မျှော်ကြည့်လိုက် တံခါးမကြီးအဖွင့်တွင် အနားကပ်ပြီး သွားကြည့်လိုက်ဖြင့် စိတ်လှုပ်ရှားစွာစောင့်မျှော် နေကြသည်။ ထောင်ဝင်းအတွင်း ဗူးတံခါးဝကြီး၏ ညာဘက်တွင် အားကစားရုံ အသစ်ထဲတွင်တော့ ဘယ်ညာ ပလပ်စတစ်ခုံ တန်းများများတွင် ကိုယ်ပိုင် အထုပ်အပိုးများ ဘေးချလျက် ကျား တခြမ်း၊ မတခြမ်း သီးခြားစီခွဲပြီး ထိုင်နေကြသည်။ ထိုင်နေသူများမှာ ယမန်နေ့က ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လွတ်မြောက်ရန် အကျုံးဝင်သူများဖြစ်သည်။

 

အချို့သောသူတို့၏ မျက်နှာမှာ စိတ်လှုပ်ရှား ၀မ်းသာ နေပုံပေါ်သော်လည်း အချို့မှာ အတန်ကြာစိမ်းနေသည့် အပြင်လောကနှင့် ပြန်တွေ့ရမည် အဖြစ်ကို စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ အမျိုးသား ၂၀၀နှင့် အမျိုးသမီး ၂၀၀ ကိုယနေ့နံနက် ပထမဆုံးလွှတ်မည့် အသုတ်အဖြစ်ရွေးချယ်ပြီး အကျဉ်းဦးစီး ညွှန်ချုပ်ဖြစ်သူ ဦးဇော်ဝင်းက သြ၀ါဒပေးနေခြင်းလည်းဖြစ်သည်။

ဦးဇော်ဝင်းက သမ္မတ၏ ဆောင်ရွက်ချက်၊ စေတနာကို ထည့်သွင်းပြောပြပြီး နောက်နောင် ယခုလို ပြစ်ဒဏ်မခံရအောင် ဥပဒေချိုးဖေါက်သည့် အလုပ်များမလုပ်မိစေရန် ဆုံးမလျက်ရှိသည်။ အခက်အခဲရှိလျင်လည်း ၄င်းတို့နှင့် ဆက်သွယ်တိုင်ပင်နိုင်ကြောင်းလည်း ပြောဆိုသည်။ မိနစ်အနည်းငယ်အကြာတွင် ညွှန်ချုပ်၏ သြ၀ါဒ ပေးခြင်းပြီးစီးသွားပြီး အကျဉ်းသားများအား လိုက်နှုတ်ဆက်ရန် ဆင်းလာရင်း အကျဉ်းသားများအား လမ်းစရိတ် တထောင်ကျပ်စီ ထုတ်ပေးပြီးပြီလားဟု သူ့လက်အောက်ငယ်သားများအား မေးမြန်းလိုက်သည်။

 

ဦးဇော်ဝင်း၏ မိန့်ခွန်း သြ၀ါဒထဲတွင် တနိုင်ငံလုံး အကျဉ်းသား ၁၄၆၀၀ ကျော် ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် အကျုံးဝင် လွှတ်ပေးမည့် အကြောင်းနှင့် ရန်ကုန် အင်းစိန်အကျဉ်းထောင် တထောင်ထဲမှ စုစုပေါင်း ၂၅၀၀ ၀န်းကျင် လွှတ်ပေးမည်ကိုပြောသွားသည်။

မေလ ၁၆ ရက်နေ့နေ့စွဲဖြင့် သမ္မတက လက်မှတ်ထိုး ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်လာသူများအထဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခြင်းခံရသည့် အကျဉ်းသားများအဖို့ ထူးခြားစွာ အကျိုးခံစားရခြင်း မရှိသည့် အတွက် ကြေညာချက်ကြားသိရစဉ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရသည်ဟု ယနေ့လွတ်မြောက်လာသူများက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် စတင်ကြားရသည့် အချိန်မှာ ညနေ ၆ နာရီ ယမန်နေ့ည ဘုရားရှစ်ခိုးချိန်တွင် ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆိုသည့် သတင်းကြောင့် အဆောင်တစ်ဆောင်လုံး ဆူညံစွာ အော်ဟစ်ခဲ့ကြသည်ဟု အမျိုးသမီး အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဒေါ်အေးအေးခင် (အမည်ရင်းမဟုတ်) ကပြောသည်။ အကျဉ်းသူများလည်း ဆူညံစွာအော်ဟစ်နေကြပြီး အကျဉ်းထောင် စောင့်သည့် ၀န်ထမ်းများကလည်း အော်ဟစ်ပြီး ထိန်းခဲ့ကြရသဖြင့် ထောင်တခုလုံး ဆူညံခဲ့ပြီး ည ၈နာရီသတင်းကို စိတ်ဝင်စားစွာ စောင့်မျှော်နားထောင် ကြသည့်နောက် သေဒဏ် ပြစ်ဒဏ်ကို ထောင်တသက် ပြစ်ဒဏ် သို့ပြောင်းလဲခြင်းနှင့် အခြားသူများအဖို့ ၁ နှစ်လျော့ပေါ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သဖြင့် အများစုမှ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြရသည်ဟု ၄င်းကပင်ပြောပြသည်။

 

သူပြစ်ဒဏ်ကျရသည့် အဖြစ်ကို ထုတ်ဖေါ်မပြောသော်လည်း လင်မယား နှစ်ဦးစလုံး ထောင်ကျခဲ့ပြီး လင်ယောင်္ကျားဖြစ်သူမှာ ပြစ်ဒဏ်ကာလပိုများ သဖြင့် ယခုလွတ်မည့် အထဲမပါဟုပြောသည်။ ယမန်နေ့ညက ကြေညာချက် ပြည့်ပြည့်စုံစုံ သိရပြီးနောက်ပိုင်း နှစ်ရှည်ထောင်ဒဏ် ကျခံရသူများ အနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ လွတ်မည့်သူများအား မဲ သည့်အဖြစ်မျိုးလည်း ရှိခဲ့သည်ဟု သူကပြောပြသည်။

 

ယနေ့ လွတ်လာသူ များထဲမှ  ဒေါပုံ မြို့နယ် အန်အယ်ဒီ အဖွဲ့ဝင်ဖြစ်သည့် ကိုညီညီအောင်ကလည်း အင်းစိန်ထောင်တွင်း  အခြေအနေကို ပြောပြရာတွင် "သမ္မတ အသစ် တက်လာကတည်းက လွတ်ငြိမ်းချမ်းသာခွင့် ရမယ်လို့ မျှော်လင့်ထားကြတာ၊ အဲဒီအတွက် လွတ်တောပြီးပြီ ဆိုကတည်းက သမ္မတသစ် တက်လာကတည်းက ၀ိုင်းပြီးအားပေးလိုက်ကြတာ ၊ သမ္မတသစ်ကို အာဏာလွှဲလိုက်တယ် ဆိုတဲ့နေ့က အထဲကလူတွေ ၀မ်းသာပြီး လက်ခုပ်တွေဘာတွေတီးလိုက်ကြတာ၊ ငါတို့လွတ်တော့မယ် ဆိုပြီး၊ အခုတကယ် ကြေညာတော့ ဘာမှ သိသိသာသာ မပါလာလို့ စိတ်ပျက်ကုန်ကြတာ၊ ကျွန်တော်ကတော့ လပိုင်းလောက်ပဲ ကျန်တယ်ဆိုတော့ ဘာမှ ဒိလောက်မဖြစ်ပေမယ့် အထဲမှာ ကျန်ခဲ့တဲ့ နှစ်ကြီးသူတွေတော့ စိတ်ပျက်လက်ပျက် ဖြစ်ကျန်ခဲ့တာ"ဟု ပြောသည်။

 

မတ်လ ၃၀ ရက်တွင် ရွေးကောက်ပွဲဖြင့် တက်လာသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလွှမ်းမိုးသည့် အစိုးရအဖွဲ့လက်သို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရမှ အာဏာလွှဲအပ်ခဲ့ပြီးနောက် ပြည်တွင်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများကပါ အရေအတွက် ၂၀၀၀ ကျော်ရှိသည့် နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရန် ၀ိုင်းဝန်း တိုက်တွန်း တောင်းဆိုလျက်ရှိကြသည်။

 

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးပြီး သမ္မတထံ ပေးပို့သည့် လှုပ်ရှားမှုကိုလည်း အန်အယ်ဒီပါတီနှင့် အခြားသော တက်ကြွလှုပ်ရှားသူများက ဧပြီလကုန်မှ စတင်ပြီး လုပ်ဆောင်လျက်ရှိသည်။ ယခုလို ပြစ်ဒဏ် တစ်နှစ်သာ လျော့ပေါ့ပေးသည့် ကြေညာချက်ကြောင့် လွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ဆောင်သူများ အနေဖြင့် သူတို့၏ လုပ်ဆောင်ချက်ကို ဆက်လက်လုပ်ဆောင် သွားရမည်ဟု တက်ကြွလှုပ်ရှားသူ တဦးက သူ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်ကိုလည်း ဖတ်ရှုရသည်။

 

"အမိန့်အမှတ် ၂၈/၂၀၁၁ လွတ်ငြိမ်းချမ်းသာခွင့်" ထိုအရာက  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြရသူ ချစ်ခင်သူ၊ ဇနီး၊ ခင်ပွန်း ၊ သားသမီး များ၏ အိမ်အပြန်ကို မျှော်လင့်နေသည့် မိသားစုများစွာအား ဆန္ဒပြည့်ဝစေသည့် ကြေညာချက်တစ်ခု မဟုတ်သည်ကတော့ သေချာသည်။

ယနေ့အင်းစိန်အကျဉ်းထောင်မှ လွတ်လာသည့် အကျဉ်းသူအချို့ အကျဉ်းထောင်ဝင်း အတွင်းမြင်တွေ့ရစဉ်
ဒေါပုံ အန်အယ်ဒီ မှ ကိုညီညီအောင် အားဝိုင်းဝန်း သတင်းမေးနေကြစဉ်


--
မေတ္တာဖျန်း၍...လန်းကြပါစေ..............

ဥက္ကာကိုကို(သံတွဲ)

                        \!!!!!!/
                       ( õ õ )
 -----------------oOOO----------------------   
       http://www.mgoakkarkoko.co.cc
https://oakkarkoko.wordpress.com
--------------------------oOOO--------------
                      |__| |__|
                        ||    ||
                    ooO   Ooo

Bookmark and Share

Saturday, May 7, 2011

ခရီးသည်

ဥက္ကာကိုကို

(၁)

 

""ဘုရားရေ…""

သူ့နှုတ်မှ အာမေဋိတ်သံထွက်ခြင်းဖြစ်သည်။

""ဝေ…..""

သူ့အသံနောက်မှာကပ်ပါလာသည့် ပြန်ထူးသံတစ်ခုကြောင့် သူအူလည်လည်ဖြစ်သွားရသည်။ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်လိုက် တော့လည်းမည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရ။သူရောက်နေတာကွင်းပြင်ကျယ်ကြီးဖြစ်ပြီး ပုန်းခိုနေစရာသစ်ပင်ဝါးပင်လည်း မရှိ။ သူနည်းနည်း"တင်း" သွားသည်။ ကောင်းကင်ကြီးကိုမော့ကြည့်ကာလက်သီးဆုပ်၍...

""ဘယ်ကောင်လဲကွ.. ငါ့ကိုလှောင်တာ...တောက်""

 

(၂)

 

ဒီလိုနှင့် မြို့တစ်မြို့ကို သူရောက်ခဲ့သည်။ မြို့လေးကကျဉ်းမြောင်းလွန်းပြီး လမ်းတစ်လျှောက်မှာလူတွေပျားပန်းခတ် သွားလာနေကြ၏။ ရုတ်တရက် မုတ်ဆိတ်ကျင်စွယ်ဗရပွနှင့် လူကြီးတစ်ဦးက အ၀တ်မပါကိုယ်ဗလာလုံးတီးဖြင့် သူ့ဘေးမှ ဖြတ်ပြေးသွားသည်။

""အောင်ပြီကွ...အောင်ပြီ..အောင်ပြီ""ဟုလည်းပြေးလွှားရင်းကြွေးကြော်သွားလေသည်။

သူစိတ်လှုပ်ရှားသွားသည်။ လူကြီးပြေးသွားရာကိုလက်ညိုးထိုး၍...

""ဒါ.... ဒါ... အာခီမီးဒီးစ် ပဲ""

သူလွှတ်ခနဲအော်လိုက်တော့ အနားမှ ကွမ်းယာသည်တစ်ဦးကလှမ်းပြောသည်။

""ဘယ်ကအာခီမီးဒီးစ် ရမှာလဲ... ဒါ ဒီမြို့က အရူးဖိုးအေးဗျ""

""ဟမ်""

 

(၃)

 

လျှောက်လာရင်း လူတစ်ယောက်ကိုသွားတွေ့သည်။ သိပ်တော့ဟန်မကျ။ ထိုလူ့ကိုကြည့်ရတာ နည်းနည်းလေး တော့လွဲနေပုံရသည်။ လမ်းခွဆုံ တစ်နေရာမှာဖြစ်၏။ သူလှမ်းခေါ် လိုက်သည်။

""ဗျို့.... ဟေ့လူ""

ထိုလူကသူ့ကိုတစ်ချက်ငဲ့ကြည့်ပြီးလက်ကာပြသည်။ အနားကိုသူကပ်သွားတော့ ထိုလူကသူ့ဘာသာတစ်ယောက် တည်းအလုပ်ရှုပ်နေသည်။ လက်ထဲမှာတီဗီရီမုတ်တစ်လုံးကိုကိုင်ကာဟိုချိန်ဒီချိန်လုပ်နေတာဖြစ်၏။ သူနားမလည်နိုင်ဖြစ်ရ သည်။

""ခင်ဗျားဘာလုပ်နေတာလဲ...ဒါက""

""အသာနေစမ်းပါကွာ... ငါ စမ်းသပ်ချက်တစ်ခုလုပ်နေတာ""

""ဘာများလဲဗျ""

""ဒီရီမုတ်ကထွက်လာတဲ့ ဝေ့ဗ်လှိုင်းတွေနဲ့ လူတွေရဲ့မသိစိတ်ထဲကနပ်ဗ်ကြောတွေကိုလှမ်းထိန်းချုပ် နေတာ... ဒါကို Control to Sixth Sense လို့ခေါ်တယ်၊ ဆဋ္ဌမအာရုံထိန်းချုပ်မှုပေါ့ကွာ""

""ဟင်.... အဲလိုရလို့လား""

""အဲဒါခက်နေတာပေါ့ကွ... ခုထိတစ်ယောက်မှ ထူးခြားတာမပြသေးဘူး""

သူရယ်ချင်ပက်လက် ဖြစ်သွားရသည်။ ထိုလူကတော့ သူ့ကိုဂရုမထားအားဘဲရှေ့မှဖြတ်သွားသောလူတိုင်းကို လက်ထဲမှ ရီမုတ်ဖြင့် လှမ်းလှမ်းချိန်ကာဟိုနှိပ်ဒီနှိပ်လုပ်နေဆဲဖြစ်သည်။ သို့နှင့်....

""ခင်ဗျားဘာဓာတ်ခဲသုံးထားတာတုန်း""

""ပါဝါဓာတ်ခဲကွ""

""အဲဒါကြောင့်မရတာဗျ... လူတွေရဲ့စိတ်ကအင်အားကြီးလွန်းတယ်။ ရိုးရိုးဓာတ်ခဲနဲ့မရလောက်ဘူး။ အေသုံးလုံးအယ်ကာလိုင်းဓာတ်ခဲပြောင်းသုံးကြည့်ပါလား""

""ဟေ...အေး..ဟုတ်သားဘဲကွ..မင်းစဉ်းစားတာသိပ်ကောင်းတယ်..ကျေးဇူးပဲ…..ငါစမ်းကြည့်လိုက်ဦး

မယ်""

သူမချိုမချဉ်မျက်နှာပေးနှင့် လှည့်ထွက်လာခဲ့သည်။

 

(၄)

 တစ်နေရာရောက်တော့ လူစုစုရုံးရုံးကိုတွေ့ရတာကြောင့် သူလည်းမနေနိုင်မထိုင်နိုင်သွားစပ်စုမိပြန်၏။ မေ့မျောနေ သောလူတစ်ဦးကို စောင်ပုခက်နှင့်ထုပ်ပြီး ဆေးရုံပို့ရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။ ကြည့်နေသူတစ်ဦးကိုကပ်၍ မေးကြည့်ရ သည်။

""ဘာဖြစ်တာလဲဗျ""

""မြွေကိုက်လို့လေ""

""သြော်... ကျွတ်...ကျွတ်""

""ဒီလူကတရားသမားဗျ... သူ့ဖာသာညောင်ပင်အောက်မှာမေတ္တာသုတ်ရွတ်နေတာကိုမြွေကလာကိုက်တာ""

""ဟင်... ""

""တော်သေးတာပေါ့.. နွားသတ်နေတဲ့ဘတုတ်တို့ လှမ်းမြင်လိုက်လို့....""

""အဲ...""

""ရပ်ကွက်ထဲကဆရာဝန်ကလည်း ငါမျှားထွက်သွားတယ်""

""အလို...""

""ရပ်မိရပ်ဖတွေကလည်း ......""

""အင်း…. ဖဲသွားရိုက်နေကြတယ်မလား""

""ဟုတ်တယ်…. နောက်ပြီး….""

""တော်ပါတော့ဗျာ""

 

(၅)

  မြို့ကလေးကိုလှည့်ပတ်ကြည့်ရှုရင်း မြို့တော်ခန်းမကြီးနားသူရောက်လာသည်။ ခန်းမရှေ့မှာလူတွေအုံခဲနေ ကြသည်။ သူ့ဘေးနားမှလည်း တချို့တလေအပြေးအလွှားသွားကြည့်နေကြသည်။ သူလည်းမပြေးရုံတမယ်လေး ခပ်သွက် သွက်တိုးသွားလိုက်သည်။ ခုံလေးတစ်ခုပေါ်တွင် ခေါင်းစုတ်ဖွားနှင့်လူကြီးတစ်ယောက် တက်ရပ်နေသည်ကို လူတွေဝိုင်း ကြည့်နေကြတာဖြစ်သည်။ မြို့ခံသတင်းထောက်တချို့ကိုလည်း ကင်မရာတကားကားနှင့်တွေ့ရသည်။ ကင်မရာမီးရောင်တွေ ကတဖျပ်ဖျပ်လက်နေသည်။ သူ့ဘေးနားကဆိုက်ကားသမားဖြစ်ဟန်တူသည့် လူတစ်ဦးက သူ့ကိုတိုးတိုးပြောပြသည်။

                        ""ပါဖောင့်မန့်ပြနေတာတဲ့ဗျ… ဘာမှန်းတော့မသိဘူး… ရူးကြောင်ကြောင်နဲ့""

                        ""သြော်… ""

            ဟုတ်လှချည်လားပေါ့။ သူတွေးမိသည်။ ဒီလိုမြို့ငယ်လေးတစ်ခုမှာပါဖောင့်မန့်အနုပညာသမားတွေ ထွန်းကားနေ တာကိုသူတအံ့တသြဖြစ် သွားသည်။ ခုံပေါ်ရပ်နေသောပါဖောင့်မန့်သမားဆိုသူကိုသတင်းထောက်တွေက ၀ိုင်းမေးနေကြ၏။

                        ""၂၁ရာစုရဲ့အပီပြင်ဆုံး အရူးတစ်ယောက်အနေနဲ့ ဘာများပြောလိုပါသလဲ""

            ပါဖောင့်မန့်ဆရာကြီးကအမေရိကန်သမ္မတအိုဘားမားစတိုင်အတိုင်းလက်ဝှေ့ယမ်းလိုက်ကာပါးစပ်ကလည်းပြန် ဖြေသည်။

                        ""We Can Change….. We Can Change""

                        ""တော်တော်ပေါရဲတဲ့လူပါပဲခင်ဗျာ… ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်""

မြို့လူထုရဲ့ အနုပညာခံစားမှုအပေါ် တလေးတစားအလေးပြုပြီးသူထွက်ခဲ့ပြန်သည်။

 

(၆)

            သူ စိတ်ရောကိုယ်ပါ ညစ်ညူးစွာဖြင့် မြို့ကိုစွန့်ခွာခဲ့သည်။ ကျောပိုးအိတ်တစ်လုံးလွယ်ကာ လကမ္ဘာသဏ္ဍာန် ကတ္တရာလမ်းမကြီးပေါ် တရွေ့ရွေ့လျှောက်နေသောသူ့အား ဖြတ်သွားဖြတ်လာလော်ရီကားကြီးများက တစ်စီးမှ ရပ်မပေးကြ သလို သူကလည်းတစ်ကြိမ်မှလှမ်းမတားချေ။ အချိန်က ညနေစောင်းစပြုနေပြီဖြစ်သည်။

            သူမျက်နှာမူထားတာက အရှေ့အရပ်ဖြစ်သောကြောင့် လိမ္မော်ရောင်ရင့်ရင့်နေလုံးကြီးက သူ့နောက်မှာတအိအိပြို ဆင်းလျှက်ရှိသည်။ သူဘယ်ကိုသွားနေသလဲဆိုတာသူကိုယ်တိုင်မသေချာ။ ခြေလှမ်းတွေကတော့ အလိုအလျောက်စနစ် တပ်ဆင်ထားသကဲ့သို့ ဆက်လက်ရွေ့လျား နေဆဲဖြစ်သည်။ တစ်နေ့နေ့မှာတော့ တစ်မြို့မြို့ကိုသူဝင်ရလိမ့်ဦးမည်ဖြစ်ကြောင်း သူသိနေသည်။

ထိုသို့ဖြင့် မြို့ပေါင်းများစွာကိုသူဖြတ်သန်းရဦးမည်။ လူပေါင်းများစွာကိုသူတွေ့ရဦးမည်။ စရိုက်သဘာဝပေါင်း များစွာကို ကြုံရဦးမည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြစ်ရဦးမည်။ ရှာဖွေနေသောအရာတစ်ခုကိုရရှိဖို့အတွက် သူ့ခရီးတွေ ရှည်လျားလိမ့်ဦးမည်။ ထိုမတိုင်မီမှာသူသေသွားခဲ့သော်….။

ရုတ်တရက် သေခြင်းတရားက သူ့ခေါင်းထဲပလုံစီဝင်လာသည်။ ခရီးမဆုံးမီ…. ငါသေခဲ့ရင်…။ ရှာဖွေခြင်းမဆုံးမီ…. ငါသေခဲ့ရင်….။ တရိပ်ရိပ်နစ်ဝင်လာသော အမှောင်ထုယဲ့ယဲ့အောက်မှာ သေခြင်းတရားအတွေးက သူ့နှလုံးသား၏ ဗဟို ချက်မကိုစူးခနဲတစ်ချက်ဖြစ်သွားသည်။

                       

""ဘုရားရေ….""

            ""ဝေ….""

                        ""လာပြန်ပြီ…

ဘယ်ကောင်လဲကွ… ငါ့ကိုလှောင်နေတာ… တောက်""

 

                        ""………………..""

 

(၇)

ဆိတ်ငြိမ်ခြင်းသည်ကျယ်လောင်လွန်းချေ၏။                

 

 

ဥက္ကာကိုကို

Bookmark and Share

Monday, May 2, 2011

ကျနော်နှင့်စည်းကမ်းများ.... ငါသေခဲ့သော်

ကျနော်ငယ်ငယ်တုန်းက ပင်လယ်စပ်နားအုန်းခြံကြီးထဲမှာ နေထိုင်ခဲ့ပါသည်။ ထိုစဉ်က အဖေက တစ်မျိုးလုံးနှင့်အစေးမကပ်။ ခြံဝမှာ ""ဆွေမျိုးနဲ့ခွေးမလာရ""ဟူ၍ သစ်သားပြားပေါ် ထုံးဖြူသုတ်ရေးကပ်ထားသည်။ တစ်ရွာလုံးက ဆွေမျိုးတွေက မခံမရပ်နိုင်ဖြစ်ပြီး ကျနော်တို့ခြံနားကို ခြေဦးပင်မလှည့်။ လှည့်လာသူကိုလည်း အဖေက ဓားနှင့်တစ်ဖုံ၊ လေးခွနှင့်တစ်မျိုး မောင်းထုတ်လေ့ရှိသည်။ ဆွေမျိုးတွေက စာကပ်ထားသောကြောင့်မလာကြသော်လည်း ခွေးတွေကတော့ နေ့စဉ် အလာမပျက်ကြ။ အဖေရေးထားသည့်စာကိုလည်း ဂရုမစိုက်ကြ။ ကျနော့်မျက်နှာနှင့်ပင် ပုံမှန်အတိုင်း သည်းခံဝင်ထွက်နေကြမြဲဖြစ်သည်။

ကြီးလာတော့ ကျနော့်မျက်စိထဲမှာ စာတွေကိုတွေ့လာရသည်။ စာတွေဆိုတာက လမ်းဘေးမှာ၊ သစ်ပင်စည်မှာ၊ လမ်းဆုံလမ်းခွတွေမှာ၊ အဆောက်အဦရှေ့တွေမှာ ကပ်ထားသော ကြေငြာချက်လိုလို။ သတိပေးစာလိုလို စာများပင်ဖြစ်သည်။

မြန်မာနိုင်ငံသားတွေက စည်းကမ်းချက်ထုတ်ရတာ သိပ်သဘောကျကြသူတွေဖြစ်သည်။ နေရာတိုင်းလိုလိုမှာ စာတန်းလေးများလိုက်ကပ်ကြသည်။ သူတောင်းစားက ကပ်သည်။ လက်ဆော့သူကကပ်သည်။ အစိုးရက ကပ်သည်။သက်ဆိုင်ရာက ကပ်သည်။ အဲသလို လူပေါင်းစုံက စာပေါင်းစုံကို နေရာပေါင်းစုံမှာ လျှောက်ကပ်ထားကြတာ တွေ့ရမည်ဖြစ်သည်။

နေရာတိုင်းမှာတွေ့ဖူးပါမည်။ ""ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ"" စသဖြင့်။ လိုက်နာသူကခပ်ရှားရှားပင်။ ကျနော်လည်းအလုံးစုံလိုက်နာသူမဟုတ်ပါ။ လူထဲကလူတစ်ယောက်၊ မြန်မာနိုင်ငံသားထဲက မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်သည့်အတွက်ခပ်ပေါ့ပေါ့ပင်မလိုက်နာပါ။ မြန်မာနိုင်ငံသားအားလုံးကို သိမ်းကျုံးမဆိုလိုပါ။ စည်းကမ်းကိုတိကျစွာ လိုက်နာကြသူတွေအများကြီးရှိပါသည်။ ကျနော်ဆိုလိုတာက တချို့သော အများအပြားကိုဖြစ်သည်။ (ရှုပ်သွားသလိုပဲ)။

စည်းကမ်းများစွာ၊ စာရွက်ပေါင်းများစွာ လူမြင်ကွင်းရှေ့ထွက်ပေါ်လာရခြင်းမှာ စည်းကမ်းမဲ့သူတွေ များလာသောကြောင့်ဖြစ်သည်။ လူရှိန်အောင်လက်ဆော့သူတွေများလာတာလည်း ဖြစ်နိုင်သည်။ထိုစာများတွင် ရသလေးတွေလည်းပါနေတာကိုလည်း တွေ့မြင်ရသည်။ တချို့စာတွေက ဖတ်ပြီးပြုံးရသည်။ တချို့စာတွေက ရယ်မောရသည်။ တချို့က မခံချိမခံသာဖြစ်စေရသည်။ တချို့ကတော့ ဒေါသထွက်စရာဖြစ်ရသည်။ အဲဒီလိုလေးတွေပေါ့။

ကျနော်တို့မြို့ကလေးရဲ့ ခရိုင်ဆေးရုံဧည့်ဆောင်ထဲမှာ ဆိုင်းဘုတ်တစ်ခုကိုတွေ့ဖူးသည်။""နိုင်ငံတော်၏ လျှို့ဝှက်အက်ဥပဒေကို တိကျစွာလိုက်နာပါ""ဟူ၍ဖြစ်၏။ အဲဒီအောက်က ဆိုင်းဘုတ်တစ်ခုထပ်လာသည်။ ""ဆေးလိပ်မသောက်ရ"" တဲ့။ အဲဒီတော့ ရုတ်တရက်ကြည့်ပါက နိုင်ငံတော်ရဲ့လျှို့ဝှက်အက်ဥပဒေဆိုတာ ဆေးလိပ်မသောက်စေခြင်းကိုဆိုလိုသည်ဟု အတွေးပေါက်ရသည်။ တိကျစွာလိုက်နာသင့်သည်ဟု ခံယူပြီး အပြင်မှာပဲထွက်သောက်လိုက်သည်။

သစ်တောဝန်ကြီးဌာနက သစ်တောကြိုးဝိုင်းများတွင်ကပ်ထားသော ဆိုင်းဘုတ်ငယ်များကို မြင်ဖူးကြမည်။ ""သစ်တစ်ပင်ခုတ်၊ ထောင်သုံးနှစ်""တဲ့။ဂျာနယ်တစ်စောင်ထဲမှာ ပါခဲ့သောကာတွန်းတစ်ပုဒ်ကိုသတိရသွားသည်။ ကာတွန်းဆရာနာမည်တော့မေ့နေပြီ။ သူတင်ပြထားတာ သိပ်ထိမိသည်။""သစ်တစ်ပင်ခုတ်ထောင်သုံးနှစ်တဲ့... တစ်တောလုံးခုတ်တော့ သူဌေးဖြစ်ရော""ဟူ၍။ ကဲ... ဘယ်လောက်လှသလဲ။ သရော်မှုလေးထဲမှာ စဉ်းစားစရာတွေ အများကြီးပါလာသည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရန်ကုန်မြို့ဟောင်းကြီးက ရုပ်ရှင်ရုံတွေထဲမှာတောင် ဇာတ်ကားမစတင်မီ ""နိုင်ငံတော်အလံအားအလေးပြုပါ""ဆိုသည့်စာတန်းပေါ်လာချိန်မှာ နေရာကမထကြသူတွေ ဒုနဲ့ဒေး။ အရင်ကတော့ သိပ်မသိသာ။ ခုလို သုံးရောင်ခြယ်အလံသစ် ပြောင်းလဲလိုက်တဲ့ကာလနောက်ပိုင်းမှာတော့ ပိုဆိုးကရော။ တုတ်တုတ်ပင်မလှုပ်ကြ(တုတ်တုတ်ကမလှုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာပါလိမ့်?)။ ""ဟင်.. စာထဲမှာသင်ရတဲ့အလံလည်းမဟုတ်ဘူး... အာဖရိကန်အလံကြီး""ဟု ၀ိုးတ၀ါးတားအကြည့်များဖြင့်ပင်ထိုင်ကြည့်နေကြလေ၏။

သတင်းတစ်ပုဒ်ဖတ်ဖူးသည်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရုပ်ရှင်ပြစဉ် နိုင်ငံတော်အလံအားအလေးမပြုဘဲ ထိုင်နေသူတစ်ဦးအား ထောင်ဒဏ်ချမှတ်လိုက်သောသတင်းဖြစ်သည်။ ကျနော်တို့ဆီမှာတော့ အဲ့လိုမလုပ်။ ထောင်မဆံ့မှာစိုးလို့ဖြစ်မည်။ ကောင်းလေစွ။

""ဆေးလိပ်မသောက်ရ"" ဆိုသည့် ကားပေါ်ကစာတန်းအောက်မှာ ယာဉ်မောင်းသူတစ်ဖွာ၊ စပယ်ယာတစ်ဖွာဖြင့် ငြိမ့်နေကြတာကိုလည်းတွေ့ဖူးကြမည်။""ကွမ်းတံတွေးမထွေးရ"" ဆိုသည့်ဆိုင်းဘုတ်ကလေးခမျာ ကွမ်းတံတွေးများဖြင့် ကြဲပက်ခံထားရသည်ကို တွေ့ဖူးကြမည်။""အမှိုက်မပစ်ရ"" ဆိုသည့် ဆိုင်းဘုတ်ကလေးယိုင်နဲ့နဲ့က အမှိုက်ပုံကြီးကြားမှ သနားစဖွယ်ထိုးထွက်နေသည်ကို မြင်ဖူးကြမည်။အကြောင်းပြချက်အရာမှာလည်း ကျနော်တို့နိုင်ငံသားတွေက မရိုးပေ။ မြန်မာစကားကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့ သိပ်အဆင်ပြေနေကြသည်။အမှိုက်မပစ်ရ ဆိုသောကြောင့် မပစ်ကြ။ အသာအယာပင် စနစ်တကျစုပုံကြသည်။ ချစ်စရာ့ဓလေ့လေးတွေပေါ့လေ။

ဆူးလေမီးပွိုင့်မှာ ""လမ်းဖြတ်မကူးရ""ဆိုသည့်ဆိုင်းဘုတ်ကို ခပ်တည်တည်ခွကာ အတင်းဖြတ်ကူးနေကြသူတွေကို မော်တော်ပီကယ်မမလေးတွေ ခရာကိုတရွှီးရွှီးကုန်းမှုတ်ပြီး လိုက်လိုက်တားနေကြရရှာသည်။ဒါတောင် ""ဟင်..မမြင်ဘူးထင်တာ.... ဒီဟာမတွေ ဘယ်ချောင်ကချောင်းနေကြလဲမသိဘူး""ဟု ပွစိပွစိရေရွတ်တာခံကြရသေးသည်။တချို့မော်တော်ပီကယ်တွေကိုလည်းတွေ့ဖူးသည်။ သူတို့ကတော့ စာတန်းတွေ ဆိုင်းဘုတ်တွေကို အယုံအကြည်မရှိသော သင်္ကေတ၀ါဒီတွေဖြစ်သည်။ ဘာစာတန်းမှမလို။ သတိပေးစရာလည်းမလို။ သူတို့ရှိနေသည့်နေရာနားမှာ ရေသန့်ဘူးတစ်လုံးကိုမြင်သာထင်သာရှိအောင် ချထောင်ထားသည်။ အဲဒါဆိုရင် လိုင်းကားသမားတွေနားလည်ပေတော့။ ရေသန့်ဘူးရှိတဲ့နေရာတည့်တည့်ကို ပိုက်ဆံခေါက်လေးပစ်ခဲ့ပေတော့။ ကိုကိုမော်တော်ပီကယ်လေးက လှည့်ပင်မကြည့်။ သူမသိသလိုနဲ့ ရူးချင်ယောင်ဆောင်သည်။သူမွေးထားတဲ့တပည့်ချာတိတ်လေးတစ်ယောက်က ပြေးကောက်ပြီးစုထားရသည်။ အဲ့ဒီလို နားလည်မှုသင်္ကေတနဲ့ လုပ်ကြသည်။ ကောင်းလေစွ။

စက်တင်ဘာအရေးအခင်းတုန်းကတော့ ဆိုင်းဘုတ်နဲ့မပြော။ အော်လံနှင့်သတိပေးသည်။""ရှေ့ကို တစ်စင်တီမီတာလောက်ထပ်တိုးလာရင် ကျနော်တို့ပစ်ရပါလိမ့်မယ်ခင်ဗျား""

လူတွေကလည်း""ဟေး""ခနဲပျော်ပျော်ကြီး တစ်ပေလောက်ထပ်တိုးသည်။

""နောက်ထပ် တစ်စင်တီမီတာလေးပဲထပ်တိုးလာရင် ကျနော်တို့ပစ်ရပါလိမ့်မယ်ခင်ဗျား""

""ဟေး...."" တစ်လံလောက်ထပ်တိုးကြပြန်သည်။

အဲဒီတော့ဘာဖြစ်တုန်း။ ဒီလူတွေက အပြောသမားသက်သက်မဟုတ်တော့ ဆော်တာပေါ့။

""ဖွတ်ညောင့်.. ဖွတ်ညောင့်... ဒက်ဒက်..ပွေး..၀ဲ..ညှင်း.. ဒိုင်း...အုန်း"" စသဖြင့်။

အဲဒီတော့မှ လူတွေက စီးလာတဲ့ဖိနပ်တွေအသာချွတ်ပြီး--

""ဟယ်.. တကယ်ကြီးပစ်တယ်တော့""

""အေးလေ.. ဒို့က စစ်သားလေးတွေက ချစ်စရာလေးတွေဆိုပြီး အားပေးလိုက်ရတာ""

""ဟုတ်ပ ကောင်မရယ်... တွား...လူချိုး"" -- ဆိုပြီး ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ပြေးကြလေသည်။

 

မင်္ဂလာဒုံ-မှော်ဘီဖက်သွားတဲ့ လမ်းတစ်လျှောက်မှာ အုတ်တံတိုင်းကြီးတွေကာရံထားသည်။ အဲ့ပေါ်မှာလည်း စည်းကမ်းချက်တွေရေးထားသည်။

""ဤနေရာအားကျုးကျော်ဝင်ရောက်လာပါက ပုဒ်မ၁၄၄အရ သေနတ်ဖြင့်ပစ်ခတ်အရေးယူခြင်းခံရမည်""ဆိုလား။ အဲ့နားကိုတော့ လူမပြောနဲ့၊ ခွေးတွေတောင် ----

""ဟေ့.. ကိုအောင်နက်... အဲ့နားကိုမကပ်နဲ့နော်.. အထဲမှာ မုဆိုးတွေရှိတယ်။ သူတို့ကလက်ယားနေကြတာ..အာဝု""

""စိတ်ချ..ကိုဂုတ်ကျား... ကိုယ့်အန္တရာယ်ကိုယ်သိတယ်... ကိန်..ကိန်"" ဆိုပြီး ယောင်လို့ပင် မကပ်ကြ။ ကောင်းလေစွ။

 

မြောက်ဥက္ကလာပမြို့နယ်မီးသတ်ရုံးကြီးက အကြီးကြီး။ အသစ်ကြီး။ အထဲမှာရပ်ထားတဲ့ ကားအနီကြီးတွေကလည်း ခန့်ခန့်ကြီး။ ရုံးမျက်နှာစာမှာရေးထားတဲ့ စာတန်းကြီးကလည်း ထင်းထင်းကြီးနဲ့ရှင်းရှင်းကြီး။""မြန်မြန်သိ။ မြန်မြန်သွား။ မြန်မြန်သတ်"" တဲ့။ မျက်စိထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက နံပတ်တုတ်တွေတကားကားနဲ့ ဆန္ဒပြတဲ့လူအုပ်ကြီးကို လိုက်ရိုက်နေတာကို မြင်ယောင်သွားပြီး ခွိခနဲကြိတ်ရယ်မိသည်။

 

စားသောက်ဆိုင်အ၀တွေမှာ စာတန်းလေးတွေကပ်သည်။

""အလှူခံမ၀င်ရ""

အဘွားကြီးတစ်ယောက် တုန်ချိချိဖြင့်ဝင်ရောက်တောင်းရမ်းသည်။ ဆိုင်ရှင်ကအော်ထုတ်သည်။

""အလှူခံမ၀င်ရလို့ရေးထားတာ မမြင်ဘူးလား""

""အဘွားက စာမဖတ်တတ်လို့ပါကွယ်""။

အဲ့ဒီလိုစာမဖတ်တတ်သူတွေက စည်းကမ်းချက်ကိုမသိ။ စာဖတ်တတ်သူတွေကလည်း တမင်မမြင်ချင်ယောင်ဆောင်ကြ၏။

""ဤနေရာတွင်သေးပေါက်ရန်မဟုတ်"" ဟုရေးထားသောစာတန်းအောက်မှာ တစ်ယောက်ကထပ်ဖြည့်ပေးထားသည်။ ""ညာဖက်နားမှာ သွားပေါက်ပါ"" ဟု။တချို့ကတော့ နင့်နင့်နဲနဲရေးသည်။ ""ဒီနေရာမှာ ခွေးများသာသေးပေါက်ရန်""ဟု။ စာတမ်းကထိရောက်သလားတော့မသိ။ ခွေးရောလူရော လစ်ရင်လစ်သလိုပေါက်ကြတာပါပဲ။ ကောင်းလေစွ။

ဟာသလေးတစ်ပုဒ်ကြားဖူး၏။ ပွဲခင်းထဲမှာဇာတ်ကနေသည်။ မူးနေသောလူနှစ်ယောက်က ဇာတ်ပွဲကြည့်ချင်ကြ၏။ သူတို့မှာ ပိုက်ဆံကမရှိ။ သို့နှင့် ဇာတ်ရုံဘေးကထရံကို အပေါက်လေးဖောက်ပြီးဝင်ကြသည်။ရိုးရိုးတိုးဝင်တာမဟုတ်။ လေးဖက်ထောက်ပြီး နောက်ပြန်ကြီး ဖင်နဲ့တိုးဝင်တာဖြစ်သည်။ လုံခြုံရေးကဓာတ်မီးတ၀င်းဝင်းနဲ့ရောက်လာသည်။ သူတို့ကိုမြင်တော့ အလန့်တကြားတား၏။""ဟေ့လူတွေ.... ဒီအပေါက်ကထွက်လို့မရဘူး.. ပြန်ဝင်စမ်း.. ပြန်ဝင်စမ်း""ဆိုပြီး အတင်းထိုးထည့်လိုက်သည်။ သူတို့လည်း ဇာတ်ရုံထဲအေးဆေးလေးရောက်သွား၏။ ဥာဏ်ထက်ပုံများပြောပါတယ်။

သမိုင်းလမ်းဆုံက ဆိုင်ခန်းတစ်ခန်းမှာ စာချိတ်ဖူးသည်။ ""ဆိုင်ခန်းမငှားပါ""တဲ့။ မငှားရင်ရေးစရာလား။ ပြည်လမ်းပေါ်က ခြံကြီးတစ်ခြံရှေ့မှာ ဗီနိုင်းကြီးကပ်ထားသည်။ ""ခြံလုံးဝမရောင်းပါ""တဲ့။ မရောင်းရင်ရေးစရာလား။အဲ့လိုတွေပြန်မေးစရာရှိသည်။ သို့သော်လည်းသူတို့က သူတို့ဒုက္ခနှင့်သူတို့။ ပွဲစားတွေ။ မျက်စိကျသူတွေ၏ မေးခွန်းများကို ပြန်ပြန်ဖြေနေရတာ ကြာတော့စိတ်ပျက်လာပုံရသည်။ စာထုတ်ကပ်ထားတော့အေးရော။ ကောင်းလေစွ။

""ခုံပြည့်လျှင်လူပိုမတင်ပါ""ဆိုပြီး အထူးကားတွေက ပုရွက်ဆိတ်တောင် နေရာမရ။ ""လာဘ်ပေးလာဘ်ယူ..တို့ရန်သူ""ဆိုသည့်စာတန်းအောက်မှာ ၀န်ထမ်းတွေ အိတ်ဖောင်းပြီးစိတ်ပြောင်းနေကြ။ ""မှုခင်းကင်းစင်ရက်သတ္တပတ်""ဆိုင်းဘုတ်တင်ပြီးပြီးချင်းရဲစ ခန်းမှာ အမှုတွေပြည့်နှက်လာ။ မိုးလေ၀သသတင်းကြေငြာချက်တွေယုံစားပြီး ပင်လယ်လုပ်သားတွေဒုက္ခတွေ့ကြ။ ဆေးလိပ်ဘူးခွံပေါ်က ၁၈နှစ်မပြည့်သူကိုမရောင်းရစာတန်းလေးကို ကျောင်းသားလေးတွေ မျက်ကွယ်ပြုထားကြ။ ""ရထားလက်မှတ်မှောင်ခိုရောင်းချသူကိုသတင်းပေးလျှင် ဆုငွေတစ်သိန်း""စာတန်းကြီးချိတ်ပြီး မီးရထားဝန်ထမ်းတွေကပဲ မှောင်ခိုမောင်တွေဖြစ်နေကြ။

 

နိုင်ငံတော်သမ္မတကြီးကလည်း ""clean Government""ဟု မိန့်ခွန်းထဲထည့်ပြောကြား။ ပြည်ပမီဒီယာတွေကလည်း ""အဲဒါ...အစိုးရကိုရှင်းလင်းပစ်ပါလို့ဆိုလိုတာ""ဟု ပြန်ချေပကြ။""တစ်ဖက်နိုင်ငံထက်သာလွန်သောနိုင်ငံအဖြစ်သို့""ဟု ထပ်ပြောပြန်။ ""ဖာနိုင်ငံ""ကိုပြေးမြင်ယောင်မိကြ။ မေလ၂ရက်နေ့မှာ ရန်ကုန်မြို့အတွင်း ""မီဒီယာကော်နာ""ဆိုတဲ့ ဆိုင်တွေဖွင့်လှစ်။ ပြန်ကြားရေးဝန်ကြီးနှင့် ရန်ကုန်ဝန်ကြီးချုပ်တက်ရောက်။ တချို့တွေကမီဒီယာကော်နာ ဆိုတာ မီဒီယာထောင့်ကန်ဘောဟု စဉ်းစားနေကြ။

စာတန်းတွေ၊ ကြေငြာချက်တွေ၊ စည်းကမ်းတွေ......။ ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ နေ့တဓူဝပလူပျံလာနေသည်။ လူမှုဘ၀ခရီးလမ်းမှာ စောင့်ထိန်းစရာတွေများလာနေသည်။ ဟိုဟာလုပ်ချင်လည်း မလွတ်လပ်။ ဒီဟာပြုချင်လည်းအဆင်မပြေ။ ကပ်ထားသောစာတန်းတွေကိုကြည့်ကြည့်ပြီး လူကခိုးကြောင်ခိုးဝှက်ပုံဖြစ်ဖြစ်နေလာသည်။

ရန်ကုန်က နွယ်နီမဂ္ဂဇင်းတိုက်လှေကားမှာ ကပ်ထားတဲ့စာတန်းလေးကတော့ လှပသည်။ ဖတ်ရတာလည်းအဆင်ပြေသည်။ ကိုယ်လိုချင်တဲ့အနေအထားရောက်အောင် ဖန်တီးနိုင်သည်ဟုထင်သည်။""ဒီနေ့ရာလေးမှာ ကျနော်တို့ အမှိုက်မပစ်ဘူး။ ကွမ်းတံထွေးမထွေးဘူးနော်"" တဲ့။ ရိုးရိုးလေး။ ကြားနေမြင်နေကျစည်းကမ်းတစ်ရပ်ကို သိမ်မွေ့စွာရေးသားထားသည်။

ရွှေပေါက်ကံမြို့သစ်ထဲက လမ်းခွဆုံကွမ်းယာဆိုင်တစ်ဆိုင်မှာ ဒီလိုလေးရေးထားသည်။""ဒီနေ့အကြွေးမရောင်းဘူး။ နက်ဖြန်မှရောင်းမယ်"" တဲ့။ သူပြောတာလည်း လှသည်။ ဘာပဲဖြစ်ဖြစ် ဖတ်သူကျေနပ်သည်။

နိုင်ငံတော်အစိုးရချမှတ်ကြေငြာထားသလိုပင်...........""စည်းကမ်းပြည့်ဝသော နိုင်ငံတော်သစ်"" ဆီသို့ ကျနော်တို့ ချီတက်နေကြပါသည်။ နေရာအနှံ့စည်းကမ်းချက်တွေ ပြည့်နှက်စွာဖြင့်ပေါ့။ ကောင်းလေစွ။ ။

 

ဥက္ကာကိုကို

၂.၅.၂၀၁၁



ငါသေခဲ့သော်....


ငါသေခဲ့သော်....
ငါ့ကိုယ်ငါ သရဏဂုံတင်ထားတဲ့အတွက် ဘုန်းကြီးငါးပါးလည်းမလိုပါ
ဥက္ကာရေ...အမျှ အမျှ အမျှလို့လည်း ရေရွတ်ကြစရာ မလိုပါ
တတ်စွမ်းသရွေ့ဒါနလေးတွေ အခွင့်ကြုံတိုင်းလုပ်နေတဲ့အတွက် ကူးတို့ခလည်းမလိုပါ
ငါဟာ ငရဲပြည်ရော နတ်ပြည်ရော နှစ်ပြည်စလုံးကိုတစ်လှည့်စီသွားနေမှာဖြစ်တဲ့အတွက်
ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းကြစရာလည်းမလိုပါ
ငါ့ကိုယ်ငါလည်း သံဝေဂယူထားတယ်
ထို့အပြင်
မည်သူမဆိုလည်း လာရောက်သံဝေဂယူနိုင်ပါတယ်။

ငါသေခဲ့သော်....
ရန်ကုန်မှာဖြစ်ပါက ရေဝေးသုဿန်မှာမီးသဂြိုလ်ပေးပါ
ထိန်ပင်က သွားရလာရဝေးလို့ပါ
နယ်တစ်နယ်မှာဖြစ်ပါက လူသူတိတ်ဆိတ်တဲ့ သစ်ပင်ရိပ်လေးမှာ မြုပ်နှံပါ
ငါ့အုတ်ဂူကို မီးခိုးရောင်သုတ်ပေးကာ
အုတ်ဂူဘေးမှာ စံပယ်ရုံလေးတစ်ရုံစိုက်ပျိုးပေးပါ
ငါ့အုတ်ဂူဟာ မိုးရာသီဦးစမှာ စံပယ်ရနံ့နဲ့ သင်းပျံ့နေပေမှာ။

ငါသေခဲ့သော်....
ငါ့ကို ချစ်ခင်သောသူများက လာရောက်လွမ်းဆွတ်နိုင်ပါတယ်
ငါ့ကိုမုန်းတီးသောသူများက တံတွေးလာထွေးနိုင်ပါတယ်
ငါ့စိတ်ဆိုးလိမ့်မှာမဟုတ်ပါ
ငါက စိတ်ဆိုးလည်းခဏပါကွာ။
 
ငါသေခဲ့သော်....
ငါ့ရဲ့အနီးဆုံးသူငယ်ချင်းတစ်စုက ငါ့အလောင်းကိုထမ်းကြပါ
အဲဒီအချိန်မှာ သူတို့ဟာ အရက်ကလေးတစ်ထွေထွေဖြစ်နေလိမ့်မှာ
ငိုကြွေးနေရှာမယ့် ငါ့အမေ
ငါ့မိတ်ဆွေအမျိုးသမီးများက အားပေးနှစ်သိမ့် ဖေးမကြပါလေ
ကျောင်းတက်နေဆဲငါ့ညီနှစ်ကောင်က စိုးရိမ်အားငယ်နေရှာမှာ
ငါ့ကိုသင်ခန်းစာယူပြီး လိမ်မာကြဖို့ပြောပေးပါကွာ။

ငါသေခဲ့သော်....
ငါ့ကိုသတိရကြောင်းကဗျာရှည် တချို့တွေရေးကြမှာ
ငါဘယ်လောက်ဆိုးသွမ်းခဲ့ကြောင်း အမှတ်တရတွေ တချို့တွေစမြုံ့ပြန်ကြမှာ
ဂျာနယ်ကလည်း ၀မ်းနည်းကြေကွဲခြင်းစာတစ်ကြောင်းကို
တစ်လက်မနဲ့တစ်ကော်လံလောက် ထည့်လိမ့်မှာ
ငါတကယ်သေသွားပြီဖြစ်ကြောင်း ပို့စ်တစ်ခုကို
ငါ့ဘလော့ဂ်နဲ့ ငါ့ဖေ့စ်ဘွတ်ခ်နုတ်စ်မှာ တင်ပေးပါ
ပတ်စ်ဝါ့ကတော့ ငါ့ဒိုင်ယာရီထဲမှာရေးသွင်းခဲ့လေမှာ။

ငါသေခဲ့သော်....
ငါနဲ့သက်ဆိုင်သမျှ မိတ်ဆွေအ၀၀တို့ လာရောက်ကြပါ
နောက်ဆုံးအကြိမ်ငါနဲ့မျက်နှာချင်းဆိုင်တွေ့ကြပါ
နောက်ဘ၀တစ်ခုခုရဲ့ လက်ဖက်ရည်ဆိုင်မှာ ထပ်မံတွေ့ကြမယ်လေကွာ။
 
ငါသေခဲ့သော်....
ငါ့အလောင်းမှာ လည်ကတုံးအင်္ကျီဖြူနဲ့ ရခိုင်ပုဆိုးလေးဝတ်ပေးပါ
ဦးခေါင်းမှာ ပန်းရောင်ရိုးရာခေါင်းပတ်စကို ပတ်ပေးပါ
နောက်ဘ၀တွေမှာလည်း အာရကန်နိုင်ငံတော်မှာပဲ ပြန်ဝင်စားချင်ပါတယ်
ပင်လယ်နဲ့ရိုးမတောင်တန်း၊ သဇင်ပန်းတို့ကို ငါသိပ်ချစ်လို့ပါကွယ်။

ငါသေခဲ့သော်....
အမေစုကို ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အလေးပြုသွားကြောင်း ပြောပေးပါ
အကျဉ်းကျနေသူတို့ ကျန်းမာဖို့ရာ ဆုတောင်းခဲ့ကြောင်း ပြောပေးပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့အလောင်းထက်မှာ ခွပ်ဒေါင်းအလံအနီရဲရဲကို လွှမ်းခြုံပေးပါ
ငါဟာ နိုင်ငံရေးသမားမဟုတ်သော်လည်း
ခွပ်ဒေါင်းတွေကို သိပ်ချစ်တတ်လို့ပါပဲ။

ငါသေခဲ့သော်....
သံတွဲ၊ ဟင်္သတ၊ တွံတေးနဲ့ မန္တလေးမြို့တို့ကို သတင်းပို့လိုက်ပါ
ပြီးတော့....
နှင်းတွေကျနေမယ့် နိုင်ငံတစ်ခုဆီ သတင်းပို့ပေးကြပါ
ငါ့နှလုံးသားကို လှုပ်ကိုင်ခဲ့သူတချို့ အဲ့ဒီမှာ ကိန်းဝပ်ခဲ့လို့ဗျာ။

ငါသေခဲ့သော်....
ငါ့အိမ်က စာအုပ်စာတမ်းတွေကို စာကြည့်တိုက်တွေဆီလှူပေးပါ
ငါရေးသားဆဲစာတချို့ကို သူငယ်ချင်းတစ်ယောက်က လက်စသတ်ပေးပါ
ပြီးရင် အားလုံးကိုမီးရှို့လိုက်ပါကွာ
ပြီးရင် ပြီးတာပဲ မဟုတ်လားဗျာ။

ငါရေးထားတဲ့ လုံးချင်းဝတ္ထုတချို့ကို ထုတ်ဝေသူတချို့ထံရောင်းချပါ
သူတို့တိုက်ကစာရေးဆရာတစ်ယောက်အတွက် ရှဲဒိုးစာအုပ်အဖြစ်အသုံးဝင်စေမှာ
ရသလောက်စာမူခလေးကို မိဘမဲ့ကလေးတွေဆီပို့ပေးပါ
ဟိုး...ရှေးရှေးတုန်းက
မြန်မာဒီမိုကရေစီနိုင်ငံတော်ကြီးဆိုတဲ့အရပ်ဒေသမှာ
မောင်ဥက္ကာဆိုတဲ့လူငယ်လေးတစ်ဦးရှိသတဲ့...အစချီကာ
ရယ်မောစရာပုံပြင်လေးတစ်ပုဒ် ကလေးတွေကိုပြောပြပါ
ငါဟာ ဘ၀ကိုပျော်ရွှင်စွာနေထိုင်ဖို့ကြိုးစားခဲ့တာ
ဆင်းရဲဒုက္ခမှန်သမျှ မျက်ရည်မကျမေ့ပျောက်တတ်တာ
စစနောက်နောက်နဲ့ လောကကြီးကို ကန့်လန့်မြင်တာကလွဲလို့
ဘယ်သူ့အပေါ်မှ မကောင်းကြံတဲ့စိတ်မထားခဲ့တာ
သူတို့လေးတွေကို ပေးသိပါစေကွာ။
 
မအောင်မြင်ခင် ငါသေသွားတဲ့အတွက်
ငါ့သူငယ်ချင်းသတင်းသမားတချို့က နာကျည်းနေကြလေမှာ
ငါသေတဲ့အကြောင်းဟာ
သတင်းတစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်လုပ်လို့မရသေးတာမို့လို့ပါ။
 
ငါသေခဲ့သော်....
ကဗျာရေးတဲ့ ဘုန်းကြီးတစ်ပါးကို ဆက်ဆက်ပင့်ပေးပါ
အဲ့ဒီဘုန်းကြီးဟာ ငါထမင်းငတ်နေစဉ်ကာလမှာ
ငါ့ကိုဆွမ်းခံကျွေးဖူးခဲ့တဲ့ ထမင်းရှင်ဖြစ်လေတာ။
 
ငါသေခဲ့သော်...
ငါ့နာရေးမှာ ငါလုပ်ဖူးသမျှ ဂုဏ်ပုဒ်တွေကိုတန်းစီထည့်ပေးပါ
ဘယ်လိုပဲဖြစ်ဖြစ် ငါမရှက်ပါဘူးကွာ
ငါဟာ သတင်းထောက်နဲ့ ကဗျာဆရာမဖြစ်ခင်တုန်းက
တံငါသည်၊ ထင်းခုတ်သမား၊ အရက်ရောင်းသူ
ဘီယာဆိုင်စားပွဲထိုးနဲ့ ပန်းရံနောက်လိုက်လုပ်ခဲ့ဖူးလို့ပါ။

ငါသေခဲ့သော်....
ဘယ်သူမှ မျက်ရည်ကျတာ မတွေ့ချင်ပါ
ငါ့သူငယ်ချင်းတွေက ဗုံတွေဆိုင်းတွေငှားတီးကြပါ
ငါ့သူငယ်ချင်းတွေဟာ ပညာမျိုးစုံတီးခေါက်မိသူတွေပဲကွာ
""ဟေးလားကွယ်မောင်ရို့""တစ်ပိုဒ်လောက်အော်ပြီး
အောင်မောင်းခြေထိုးလေးတစ်ကွက်လောက်ကကာ
ငါ့အလောင်းကို တွန်းယူသွားကြပါ။

သိပ်မကြာခင်မိနစ်ပိုင်းမှာ
ဘာမှမဟုတ်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ရုပ်ခန္ဓာဟာ
မီးခိုးနဲ့ ပြာမှုန်တွေအဖြစ် ကူးပြောင်းသွားလေတော့မှာ။
 
အဲဒီအချိန်မှာ ငါဟာ အသက်ဝိညာဉ်ကင်းမဲ့စွာ
တစ်နေရာရာကနေ သင်တို့ကို ကြည့်ကာ
သေခြင်းတရားကဗျာတစ်ပုဒ်ကို ရွတ်ဆိုဖွဲ့နွဲ့နေလေမှာ။        ။

ဥက္ကာကိုကို
၁.၅.၂၀၁၁



--
မေတ္တာဖျန်း၍...လန်းကြပါစေ..............

ဥက္ကာကိုကို(သံတွဲ)

                        \!!!!!!/
                       ( õ õ )
 -----------------oOOO----------------------   
       http://www.mgoakkarkoko.co.cc
https://oakkarkoko.wordpress.com
--------------------------oOOO--------------
                      |__| |__|
                        ||    ||
                    ooO   Ooo



--
မေတ္တာဖျန်း၍...လန်းကြပါစေ..............

ဥက္ကာကိုကို(သံတွဲ)

                        \!!!!!!/
                       ( õ õ )
 -----------------oOOO----------------------   
       http://www.mgoakkarkoko.co.cc
https://oakkarkoko.wordpress.com
--------------------------oOOO--------------
                      |__| |__|
                        ||    ||
                    ooO   Ooo

Bookmark and Share

ကျနော်နှင့်စည်းကမ်းများ

ကျနော်ငယ်ငယ်တုန်းက ပင်လယ်စပ်နားအုန်းခြံကြီးထဲမှာ နေထိုင်ခဲ့ပါသည်။ ထိုစဉ်က အဖေက တစ်မျိုးလုံးနှင့်အစေးမကပ်။ ခြံဝမှာ ""ဆွေမျိုးနဲ့ခွေးမလာရ""ဟူ၍ သစ်သားပြားပေါ် ထုံးဖြူသုတ်ရေးကပ်ထားသည်။ တစ်ရွာလုံးက ဆွေမျိုးတွေက မခံမရပ်နိုင်ဖြစ်ပြီး ကျနော်တို့ခြံနားကို ခြေဦးပင်မလှည့်။ လှည့်လာသူကိုလည်း အဖေက ဓားနှင့်တစ်ဖုံ၊ လေးခွနှင့်တစ်မျိုး မောင်းထုတ်လေ့ရှိသည်။ ဆွေမျိုးတွေက စာကပ်ထားသောကြောင့်မလာကြသော်လည်း ခွေးတွေကတော့ နေ့စဉ် အလာမပျက်ကြ။ အဖေရေးထားသည့်စာကိုလည်း ဂရုမစိုက်ကြ။ ကျနော့်မျက်နှာနှင့်ပင် ပုံမှန်အတိုင်း သည်းခံဝင်ထွက်နေကြမြဲဖြစ်သည်။

ကြီးလာတော့ ကျနော့်မျက်စိထဲမှာ စာတွေကိုတွေ့လာရသည်။ စာတွေဆိုတာက လမ်းဘေးမှာ၊ သစ်ပင်စည်မှာ၊ လမ်းဆုံလမ်းခွတွေမှာ၊ အဆောက်အဦရှေ့တွေမှာ ကပ်ထားသော ကြေငြာချက်လိုလို။ သတိပေးစာလိုလို စာများပင်ဖြစ်သည်။

မြန်မာနိုင်ငံသားတွေက စည်းကမ်းချက်ထုတ်ရတာ သိပ်သဘောကျကြသူတွေဖြစ်သည်။ နေရာတိုင်းလိုလိုမှာ စာတန်းလေးများလိုက်ကပ်ကြသည်။ သူတောင်းစားက ကပ်သည်။ လက်ဆော့သူကကပ်သည်။ အစိုးရက ကပ်သည်။သက်ဆိုင်ရာက ကပ်သည်။ အဲသလို လူပေါင်းစုံက စာပေါင်းစုံကို နေရာပေါင်းစုံမှာ လျှောက်ကပ်ထားကြတာ တွေ့ရမည်ဖြစ်သည်။

နေရာတိုင်းမှာတွေ့ဖူးပါမည်။ ""ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ"" စသဖြင့်။ လိုက်နာသူကခပ်ရှားရှားပင်။ ကျနော်လည်းအလုံးစုံလိုက်နာသူမဟုတ်ပါ။ လူထဲကလူတစ်ယောက်၊ မြန်မာနိုင်ငံသားထဲက မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်သည့်အတွက်ခပ်ပေါ့ပေါ့ပင်မလိုက်နာပါ။ မြန်မာနိုင်ငံသားအားလုံးကို သိမ်းကျုံးမဆိုလိုပါ။ စည်းကမ်းကိုတိကျစွာ လိုက်နာကြသူတွေအများကြီးရှိပါသည်။ ကျနော်ဆိုလိုတာက တချို့သော အများအပြားကိုဖြစ်သည်။ (ရှုပ်သွားသလိုပဲ)။

စည်းကမ်းများစွာ၊ စာရွက်ပေါင်းများစွာ လူမြင်ကွင်းရှေ့ထွက်ပေါ်လာရခြင်းမှာ စည်းကမ်းမဲ့သူတွေ များလာသောကြောင့်ဖြစ်သည်။ လူရှိန်အောင်လက်ဆော့သူတွေများလာတာလည်း ဖြစ်နိုင်သည်။ထိုစာများတွင် ရသလေးတွေလည်းပါနေတာကိုလည်း တွေ့မြင်ရသည်။ တချို့စာတွေက ဖတ်ပြီးပြုံးရသည်။ တချို့စာတွေက ရယ်မောရသည်။ တချို့က မခံချိမခံသာဖြစ်စေရသည်။ တချို့ကတော့ ဒေါသထွက်စရာဖြစ်ရသည်။ အဲဒီလိုလေးတွေပေါ့။

ကျနော်တို့မြို့ကလေးရဲ့ ခရိုင်ဆေးရုံဧည့်ဆောင်ထဲမှာ ဆိုင်းဘုတ်တစ်ခုကိုတွေ့ဖူးသည်။""နိုင်ငံတော်၏ လျှို့ဝှက်အက်ဥပဒေကို တိကျစွာလိုက်နာပါ""ဟူ၍ဖြစ်၏။ အဲဒီအောက်က ဆိုင်းဘုတ်တစ်ခုထပ်လာသည်။ ""ဆေးလိပ်မသောက်ရ"" တဲ့။ အဲဒီတော့ ရုတ်တရက်ကြည့်ပါက နိုင်ငံတော်ရဲ့လျှို့ဝှက်အက်ဥပဒေဆိုတာ ဆေးလိပ်မသောက်စေခြင်းကိုဆိုလိုသည်ဟု အတွေးပေါက်ရသည်။ တိကျစွာလိုက်နာသင့်သည်ဟု ခံယူပြီး အပြင်မှာပဲထွက်သောက်လိုက်သည်။

သစ်တောဝန်ကြီးဌာနက သစ်တောကြိုးဝိုင်းများတွင်ကပ်ထားသော ဆိုင်းဘုတ်ငယ်များကို မြင်ဖူးကြမည်။ ""သစ်တစ်ပင်ခုတ်၊ ထောင်သုံးနှစ်""တဲ့။ဂျာနယ်တစ်စောင်ထဲမှာ ပါခဲ့သောကာတွန်းတစ်ပုဒ်ကိုသတိရသွားသည်။ ကာတွန်းဆရာနာမည်တော့မေ့နေပြီ။ သူတင်ပြထားတာ သိပ်ထိမိသည်။""သစ်တစ်ပင်ခုတ်ထောင်သုံးနှစ်တဲ့... တစ်တောလုံးခုတ်တော့ သူဌေးဖြစ်ရော""ဟူ၍။ ကဲ... ဘယ်လောက်လှသလဲ။ သရော်မှုလေးထဲမှာ စဉ်းစားစရာတွေ အများကြီးပါလာသည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရန်ကုန်မြို့ဟောင်းကြီးက ရုပ်ရှင်ရုံတွေထဲမှာတောင် ဇာတ်ကားမစတင်မီ ""နိုင်ငံတော်အလံအားအလေးပြုပါ""ဆိုသည့်စာတန်းပေါ်လာချိန်မှာ နေရာကမထကြသူတွေ ဒုနဲ့ဒေး။ အရင်ကတော့ သိပ်မသိသာ။ ခုလို သုံးရောင်ခြယ်အလံသစ် ပြောင်းလဲလိုက်တဲ့ကာလနောက်ပိုင်းမှာတော့ ပိုဆိုးကရော။ တုတ်တုတ်ပင်မလှုပ်ကြ(တုတ်တုတ်ကမလှုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာပါလိမ့်?)။ ""ဟင်.. စာထဲမှာသင်ရတဲ့အလံလည်းမဟုတ်ဘူး... အာဖရိကန်အလံကြီး""ဟု ၀ိုးတ၀ါးတားအကြည့်များဖြင့်ပင်ထိုင်ကြည့်နေကြလေ၏။

သတင်းတစ်ပုဒ်ဖတ်ဖူးသည်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရုပ်ရှင်ပြစဉ် နိုင်ငံတော်အလံအားအလေးမပြုဘဲ ထိုင်နေသူတစ်ဦးအား ထောင်ဒဏ်ချမှတ်လိုက်သောသတင်းဖြစ်သည်။ ကျနော်တို့ဆီမှာတော့ အဲ့လိုမလုပ်။ ထောင်မဆံ့မှာစိုးလို့ဖြစ်မည်။ ကောင်းလေစွ။

""ဆေးလိပ်မသောက်ရ"" ဆိုသည့် ကားပေါ်ကစာတန်းအောက်မှာ ယာဉ်မောင်းသူတစ်ဖွာ၊ စပယ်ယာတစ်ဖွာဖြင့် ငြိမ့်နေကြတာကိုလည်းတွေ့ဖူးကြမည်။""ကွမ်းတံတွေးမထွေးရ"" ဆိုသည့်ဆိုင်းဘုတ်ကလေးခမျာ ကွမ်းတံတွေးများဖြင့် ကြဲပက်ခံထားရသည်ကို တွေ့ဖူးကြမည်။""အမှိုက်မပစ်ရ"" ဆိုသည့် ဆိုင်းဘုတ်ကလေးယိုင်နဲ့နဲ့က အမှိုက်ပုံကြီးကြားမှ သနားစဖွယ်ထိုးထွက်နေသည်ကို မြင်ဖူးကြမည်။အကြောင်းပြချက်အရာမှာလည်း ကျနော်တို့နိုင်ငံသားတွေက မရိုးပေ။ မြန်မာစကားကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့ သိပ်အဆင်ပြေနေကြသည်။အမှိုက်မပစ်ရ ဆိုသောကြောင့် မပစ်ကြ။ အသာအယာပင် စနစ်တကျစုပုံကြသည်။ ချစ်စရာ့ဓလေ့လေးတွေပေါ့လေ။

ဆူးလေမီးပွိုင့်မှာ ""လမ်းဖြတ်မကူးရ""ဆိုသည့်ဆိုင်းဘုတ်ကို ခပ်တည်တည်ခွကာ အတင်းဖြတ်ကူးနေကြသူတွေကို မော်တော်ပီကယ်မမလေးတွေ ခရာကိုတရွှီးရွှီးကုန်းမှုတ်ပြီး လိုက်လိုက်တားနေကြရရှာသည်။ဒါတောင် ""ဟင်..မမြင်ဘူးထင်တာ.... ဒီဟာမတွေ ဘယ်ချောင်ကချောင်းနေကြလဲမသိဘူး""ဟု ပွစိပွစိရေရွတ်တာခံကြရသေးသည်။တချို့မော်တော်ပီကယ်တွေကိုလည်းတွေ့ဖူးသည်။ သူတို့ကတော့ စာတန်းတွေ ဆိုင်းဘုတ်တွေကို အယုံအကြည်မရှိသော သင်္ကေတ၀ါဒီတွေဖြစ်သည်။ ဘာစာတန်းမှမလို။ သတိပေးစရာလည်းမလို။ သူတို့ရှိနေသည့်နေရာနားမှာ ရေသန့်ဘူးတစ်လုံးကိုမြင်သာထင်သာရှိအောင် ချထောင်ထားသည်။ အဲဒါဆိုရင် လိုင်းကားသမားတွေနားလည်ပေတော့။ ရေသန့်ဘူးရှိတဲ့နေရာတည့်တည့်ကို ပိုက်ဆံခေါက်လေးပစ်ခဲ့ပေတော့။ ကိုကိုမော်တော်ပီကယ်လေးက လှည့်ပင်မကြည့်။ သူမသိသလိုနဲ့ ရူးချင်ယောင်ဆောင်သည်။သူမွေးထားတဲ့တပည့်ချာတိတ်လေးတစ်ယောက်က ပြေးကောက်ပြီးစုထားရသည်။ အဲ့ဒီလို နားလည်မှုသင်္ကေတနဲ့ လုပ်ကြသည်။ ကောင်းလေစွ။

စက်တင်ဘာအရေးအခင်းတုန်းကတော့ ဆိုင်းဘုတ်နဲ့မပြော။ အော်လံနှင့်သတိပေးသည်။""ရှေ့ကို တစ်စင်တီမီတာလောက်ထပ်တိုးလာရင် ကျနော်တို့ပစ်ရပါလိမ့်မယ်ခင်ဗျား""

လူတွေကလည်း""ဟေး""ခနဲပျော်ပျော်ကြီး တစ်ပေလောက်ထပ်တိုးသည်။

""နောက်ထပ် တစ်စင်တီမီတာလေးပဲထပ်တိုးလာရင် ကျနော်တို့ပစ်ရပါလိမ့်မယ်ခင်ဗျား""

""ဟေး...."" တစ်လံလောက်ထပ်တိုးကြပြန်သည်။

အဲဒီတော့ဘာဖြစ်တုန်း။ ဒီလူတွေက အပြောသမားသက်သက်မဟုတ်တော့ ဆော်တာပေါ့။

""ဖွတ်ညောင့်.. ဖွတ်ညောင့်... ဒက်ဒက်..ပွေး..၀ဲ..ညှင်း.. ဒိုင်း...အုန်း"" စသဖြင့်။

အဲဒီတော့မှ လူတွေက စီးလာတဲ့ဖိနပ်တွေအသာချွတ်ပြီး--

""ဟယ်.. တကယ်ကြီးပစ်တယ်တော့""

""အေးလေ.. ဒို့က စစ်သားလေးတွေက ချစ်စရာလေးတွေဆိုပြီး အားပေးလိုက်ရတာ""

""ဟုတ်ပ ကောင်မရယ်... တွား...လူချိုး"" -- ဆိုပြီး ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ပြေးကြလေသည်။

 

မင်္ဂလာဒုံ-မှော်ဘီဖက်သွားတဲ့ လမ်းတစ်လျှောက်မှာ အုတ်တံတိုင်းကြီးတွေကာရံထားသည်။ အဲ့ပေါ်မှာလည်း စည်းကမ်းချက်တွေရေးထားသည်။

""ဤနေရာအားကျုးကျော်ဝင်ရောက်လာပါက ပုဒ်မ၁၄၄အရ သေနတ်ဖြင့်ပစ်ခတ်အရေးယူခြင်းခံရမည်""ဆိုလား။ အဲ့နားကိုတော့ လူမပြောနဲ့၊ ခွေးတွေတောင် ----

""ဟေ့.. ကိုအောင်နက်... အဲ့နားကိုမကပ်နဲ့နော်.. အထဲမှာ မုဆိုးတွေရှိတယ်။ သူတို့ကလက်ယားနေကြတာ..အာဝု""

""စိတ်ချ..ကိုဂုတ်ကျား... ကိုယ့်အန္တရာယ်ကိုယ်သိတယ်... ကိန်..ကိန်"" ဆိုပြီး ယောင်လို့ပင် မကပ်ကြ။ ကောင်းလေစွ။

 

မြောက်ဥက္ကလာပမြို့နယ်မီးသတ်ရုံးကြီးက အကြီးကြီး။ အသစ်ကြီး။ အထဲမှာရပ်ထားတဲ့ ကားအနီကြီးတွေကလည်း ခန့်ခန့်ကြီး။ ရုံးမျက်နှာစာမှာရေးထားတဲ့ စာတန်းကြီးကလည်း ထင်းထင်းကြီးနဲ့ရှင်းရှင်းကြီး။""မြန်မြန်သိ။ မြန်မြန်သွား။ မြန်မြန်သတ်"" တဲ့။ မျက်စိထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက နံပတ်တုတ်တွေတကားကားနဲ့ ဆန္ဒပြတဲ့လူအုပ်ကြီးကို လိုက်ရိုက်နေတာကို မြင်ယောင်သွားပြီး ခွိခနဲကြိတ်ရယ်မိသည်။

 

စားသောက်ဆိုင်အ၀တွေမှာ စာတန်းလေးတွေကပ်သည်။

""အလှူခံမ၀င်ရ""

အဘွားကြီးတစ်ယောက် တုန်ချိချိဖြင့်ဝင်ရောက်တောင်းရမ်းသည်။ ဆိုင်ရှင်ကအော်ထုတ်သည်။

""အလှူခံမ၀င်ရလို့ရေးထားတာ မမြင်ဘူးလား""

""အဘွားက စာမဖတ်တတ်လို့ပါကွယ်""။

အဲ့ဒီလိုစာမဖတ်တတ်သူတွေက စည်းကမ်းချက်ကိုမသိ။ စာဖတ်တတ်သူတွေကလည်း တမင်မမြင်ချင်ယောင်ဆောင်ကြ၏။

""ဤနေရာတွင်သေးပေါက်ရန်မဟုတ်"" ဟုရေးထားသောစာတန်းအောက်မှာ တစ်ယောက်ကထပ်ဖြည့်ပေးထားသည်။ ""ညာဖက်နားမှာ သွားပေါက်ပါ"" ဟု။တချို့ကတော့ နင့်နင့်နဲနဲရေးသည်။ ""ဒီနေရာမှာ ခွေးများသာသေးပေါက်ရန်""ဟု။ စာတမ်းကထိရောက်သလားတော့မသိ။ ခွေးရောလူရော လစ်ရင်လစ်သလိုပေါက်ကြတာပါပဲ။ ကောင်းလေစွ။

ဟာသလေးတစ်ပုဒ်ကြားဖူး၏။ ပွဲခင်းထဲမှာဇာတ်ကနေသည်။ မူးနေသောလူနှစ်ယောက်က ဇာတ်ပွဲကြည့်ချင်ကြ၏။ သူတို့မှာ ပိုက်ဆံကမရှိ။ သို့နှင့် ဇာတ်ရုံဘေးကထရံကို အပေါက်လေးဖောက်ပြီးဝင်ကြသည်။ရိုးရိုးတိုးဝင်တာမဟုတ်။ လေးဖက်ထောက်ပြီး နောက်ပြန်ကြီး ဖင်နဲ့တိုးဝင်တာဖြစ်သည်။ လုံခြုံရေးကဓာတ်မီးတ၀င်းဝင်းနဲ့ရောက်လာသည်။ သူတို့ကိုမြင်တော့ အလန့်တကြားတား၏။""ဟေ့လူတွေ.... ဒီအပေါက်ကထွက်လို့မရဘူး.. ပြန်ဝင်စမ်း.. ပြန်ဝင်စမ်း""ဆိုပြီး အတင်းထိုးထည့်လိုက်သည်။ သူတို့လည်း ဇာတ်ရုံထဲအေးဆေးလေးရောက်သွား၏။ ဥာဏ်ထက်ပုံများပြောပါတယ်။

သမိုင်းလမ်းဆုံက ဆိုင်ခန်းတစ်ခန်းမှာ စာချိတ်ဖူးသည်။ ""ဆိုင်ခန်းမငှားပါ""တဲ့။ မငှားရင်ရေးစရာလား။ ပြည်လမ်းပေါ်က ခြံကြီးတစ်ခြံရှေ့မှာ ဗီနိုင်းကြီးကပ်ထားသည်။ ""ခြံလုံးဝမရောင်းပါ""တဲ့။ မရောင်းရင်ရေးစရာလား။အဲ့လိုတွေပြန်မေးစရာရှိသည်။ သို့သော်လည်းသူတို့က သူတို့ဒုက္ခနှင့်သူတို့။ ပွဲစားတွေ။ မျက်စိကျသူတွေ၏ မေးခွန်းများကို ပြန်ပြန်ဖြေနေရတာ ကြာတော့စိတ်ပျက်လာပုံရသည်။ စာထုတ်ကပ်ထားတော့အေးရော။ ကောင်းလေစွ။

""ခုံပြည့်လျှင်လူပိုမတင်ပါ""ဆိုပြီး အထူးကားတွေက ပုရွက်ဆိတ်တောင် နေရာမရ။ ""လာဘ်ပေးလာဘ်ယူ..တို့ရန်သူ""ဆိုသည့်စာတန်းအောက်မှာ ၀န်ထမ်းတွေ အိတ်ဖောင်းပြီးစိတ်ပြောင်းနေကြ။ ""မှုခင်းကင်းစင်ရက်သတ္တပတ်""ဆိုင်းဘုတ်တင်ပြီးပြီးချင်းရဲစ ခန်းမှာ အမှုတွေပြည့်နှက်လာ။ မိုးလေ၀သသတင်းကြေငြာချက်တွေယုံစားပြီး ပင်လယ်လုပ်သားတွေဒုက္ခတွေ့ကြ။ ဆေးလိပ်ဘူးခွံပေါ်က ၁၈နှစ်မပြည့်သူကိုမရောင်းရစာတန်းလေးကို ကျောင်းသားလေးတွေ မျက်ကွယ်ပြုထားကြ။ ""ရထားလက်မှတ်မှောင်ခိုရောင်းချသူကိုသတင်းပေးလျှင် ဆုငွေတစ်သိန်း""စာတန်းကြီးချိတ်ပြီး မီးရထားဝန်ထမ်းတွေကပဲ မှောင်ခိုမောင်တွေဖြစ်နေကြ။

 

နိုင်ငံတော်သမ္မတကြီးကလည်း ""clean Government""ဟု မိန့်ခွန်းထဲထည့်ပြောကြား။ ပြည်ပမီဒီယာတွေကလည်း ""အဲဒါ...အစိုးရကိုရှင်းလင်းပစ်ပါလို့ဆိုလိုတာ""ဟု ပြန်ချေပကြ။""တစ်ဖက်နိုင်ငံထက်သာလွန်သောနိုင်ငံအဖြစ်သို့""ဟု ထပ်ပြောပြန်။ ""ဖာနိုင်ငံ""ကိုပြေးမြင်ယောင်မိကြ။ မေလ၂ရက်နေ့မှာ ရန်ကုန်မြို့အတွင်း ""မီဒီယာကော်နာ""ဆိုတဲ့ ဆိုင်တွေဖွင့်လှစ်။ ပြန်ကြားရေးဝန်ကြီးနှင့် ရန်ကုန်ဝန်ကြီးချုပ်တက်ရောက်။ တချို့တွေကမီဒီယာကော်နာ ဆိုတာ မီဒီယာထောင့်ကန်ဘောဟု စဉ်းစားနေကြ။

စာတန်းတွေ၊ ကြေငြာချက်တွေ၊ စည်းကမ်းတွေ......။ ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ နေ့တဓူဝပလူပျံလာနေသည်။ လူမှုဘ၀ခရီးလမ်းမှာ စောင့်ထိန်းစရာတွေများလာနေသည်။ ဟိုဟာလုပ်ချင်လည်း မလွတ်လပ်။ ဒီဟာပြုချင်လည်းအဆင်မပြေ။ ကပ်ထားသောစာတန်းတွေကိုကြည့်ကြည့်ပြီး လူကခိုးကြောင်ခိုးဝှက်ပုံဖြစ်ဖြစ်နေလာသည်။

ရန်ကုန်က နွယ်နီမဂ္ဂဇင်းတိုက်လှေကားမှာ ကပ်ထားတဲ့စာတန်းလေးကတော့ လှပသည်။ ဖတ်ရတာလည်းအဆင်ပြေသည်။ ကိုယ်လိုချင်တဲ့အနေအထားရောက်အောင် ဖန်တီးနိုင်သည်ဟုထင်သည်။""ဒီနေ့ရာလေးမှာ ကျနော်တို့ အမှိုက်မပစ်ဘူး။ ကွမ်းတံထွေးမထွေးဘူးနော်"" တဲ့။ ရိုးရိုးလေး။ ကြားနေမြင်နေကျစည်းကမ်းတစ်ရပ်ကို သိမ်မွေ့စွာရေးသားထားသည်။

ရွှေပေါက်ကံမြို့သစ်ထဲက လမ်းခွဆုံကွမ်းယာဆိုင်တစ်ဆိုင်မှာ ဒီလိုလေးရေးထားသည်။""ဒီနေ့အကြွေးမရောင်းဘူး။ နက်ဖြန်မှရောင်းမယ်"" တဲ့။ သူပြောတာလည်း လှသည်။ ဘာပဲဖြစ်ဖြစ် ဖတ်သူကျေနပ်သည်။

နိုင်ငံတော်အစိုးရချမှတ်ကြေငြာထားသလိုပင်...........""စည်းကမ်းပြည့်ဝသော နိုင်ငံတော်သစ်"" ဆီသို့ ကျနော်တို့ ချီတက်နေကြပါသည်။ နေရာအနှံ့စည်းကမ်းချက်တွေ ပြည့်နှက်စွာဖြင့်ပေါ့။ ကောင်းလေစွ။ ။

 

ဥက္ကာကိုကို

၂.၅.၂၀၁၁

Bookmark and Share

Thursday, April 28, 2011

အသည်းအက်လူသား

""ကျွန်တော် အရက်မသောက်တော့ဘူး"" ဟု ပြောလိုက်တိုင်း ကျွန်တော်နှင့်
ရင်းနှီးသူ အတော် များများက ကျွန်တော့်ကို အထူးအဆန်းသတ္တ၀ါတစ်ကောင်လို
အထိတ်တလန့်ကြည့်ကြသည်။ ထို့နောက် ကျွန်တော်ခါတိုင်းလို
နောက်ပြောင်ပြောဆိုနေသည် ဟု သူတို့ဘာသာထင်မှတ်ပစ်လိုက်ကြ ပြီး
ပျက်လုံးတစ်ခုပမာ အားပါး တရ ရယ်မောလိုက်ကြသည်။

တချို့ကတော့ ရယ်မောရုံ နှင့်အားမရဘဲ ကျွန်တော့်ကိုပိုပို သာသာလေးပင်
ထိုးနှက်လိုက်ကြ သေးသည်။ ""ဟိုဒင်းစားပြီးပြောရင် တောင်
ကြိုက်လို့စားပါတယ်ပဲ ထင်မယ်"" တို့။ ""သုနက္ခောပါးစပ် က
ဒေ၀တာစကားထွက်တယ်"" တို့။ ""မဖြစ်နိုင်တာ အရက်သမား
ရယ်..မိုးကြိုးလည်းပစ်နေပါဦး မယ်""တို့။ ""မသောက်တော့ဘူး။ ဟုတ်လား။
ဘာလဲ။ မနက်ကနေ ညနေအထိမသောက်တာလား"" တို့။ စသဖြင့်ပေါ့လေ။ အဲဒီလိုတွေ
တုံ့ပြန်ကြသည်။

တချို့ကတော့ အင်မတန် အရေးကြီးသော လျှို့ဝှက်စကား
တစ်ခွန်းကိုကြားလိုက်ရသည့်ဟန် ဖြင့် အတော်ကြာချင့်ချိန်စဉ်းစား၊
ကျွန်တော့်မျက်နှာကို သေသေချာ ချာ အကဲခတ်ပြီးမှ ""တကယ်
မသောက်တော့တာဆိုရင်တော့ ကောင်းပါတယ်။ ကိုယ့်စိတ်ကိုယ်
နိုင်ဖို့ပဲလိုတယ်""ဟု ဖေးဖေးမမ ပြောပေးကြသည်။ သိပ်တော့ယုံ
ချင်ပုံမရမှန်း သူတို့မျက်နှာတွေကို ကြည့်ရုံနှင့် ကျွန်တော်က သိနေသည်။

နောက်တော့လည်း လူတိုင်း ကိုရှင်းပြလင်းပြနေရတာကို ကျွန်တော်
ငြီးငွေ့လာသည်။ ဘယ်သူဘယ်လိုထင်ထင် ကျွန် တော် ဖြေရှင်းချက်ထုတ် မနေ
တော့။ ကိုယ့်ဘာသာ ဒီအတိုင်း လေး နေနေလိုက်တော့သည်။ တကယ်တော့ ဒီလို လူ
အများ၏ မယုံသင်္ကာမှုကို တစ်လုံး တခဲရရှိအောင် ကျွန်တော်
ကိုယ်တိုင်ပင်လုပ်ဆောင်ခဲ့တာ ဖြစ်သည်။ ဘယ်သူမပြုမိမိမှုဟု ဗုဒ္ဓဟောခဲ့သည်
မဟုတ်လား။

ကျွန်တော် အရက်ကို စွဲလမ်းနှစ်ခြိုက်စွာ သောက်သုံးခဲ့ ပါသည်။
ကျွန်တော့်အမေက ""ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေး တက်တဲ့ကောင်"" ဟူသော စကား
ပုံတစ်ခုကို ကျွန်တော့် ရှေ့မှာ မကြာခဏ ရေရွတ်တတ်သည်။ ကျွန်တော်ဆယ်တန်း
အောင်တဲ့နှစ်ကအရက်စ သောက် ခဲ့တာကို မှတ်မိသေးသည်။ ကျွန်တော်တို့
သူငယ်ချင်း တွေ အဲဒီတုန်းကပြောကြတဲ့ စကား တစ်ခွန်းရှိပါသည်။ ""၁၈ နှစ်
ပြည့် ရင်လူဖြစ်ပြီ""ဟု။ ကျွန်တော် အရက်စသောက်တာက အသက် ၁၅ နှစ်မှာ
ဖြစ်သောကြောင့် လူမဖြစ်ခင် အရင် အရက်သမား ဖြစ်ခဲ့သည်ဟု ဆိုချင်ပါသည်။

အောင်စာရင်းထွက်တဲ့နေ့ က မြို့ကလေးရဲ့အပြင်ဘက် ရေတံ ခွန်ကြီးအောက်ကို
အရက် တွေ ၀ယ်သွားပြီး သူတစ်ငုံ ငါတစ် ငုံ ရှုံ့မဲ့သောက်ကြရာကစခဲ့သည်။
နောက်တော့ ဆောင်းရာသီ မှာ ထန်းရည်ဆိုင်ကိုရောက်တတ် လာသည်။ မိုးရာသီမှာ
ဓနိရည် ဆိုင်ကို ရောက်တတ်လာသည်။ တဖြည်း ဖြည်းနှင့် လူကြီးတွေထိုင် သော
စီအက်စ်တူးအေဆိုသည့် လိုင်စင်ရ အရက်ဖြူဆိုင်တွေကို
ခပ်တည်တည်ဝင်ထိုင်တတ်လာသည်။

အပေါင်းအသင်းမကောင်း ဘူးဟု ထိုအချိန်က ကျွန်တော့်ကို
လာပြောလို့ရမည်မဟုတ်ပါ။ လူငယ်ဘ၀မှာ အပေါင်းအသင်း တွေက ကိုယ့်မျက်စိထဲ
အားလုံး ကောင်းနေသည်ကိုး။ အပေါင်း အဖော်တွေနဲ့ သူတစ်ခွက် ငါတစ် ဖလား
အပြိုင်အဆိုင်သောက်ကြ သည်။ ကျောင်းသားဘ၀တွင် စာ ကြိုးစားမှုအရာမှာ
ပြိုင်ဆိုင်ခြင်း မပြုတတ်ခဲ့သော ကျွန်တော်က သူရာမေရိယဘာသာရပ်မှာတော့
ပြိုင်ဆိုင်မှုထိပ်ဆုံးတွင် ရှိနေခဲ့ လေသည်။

မူးမူးနဲ့ မြို့ကိုပတ်ကြသည်။ မူးမူးနဲ့ချောင်းကမ်းနံဘေး ထိုးအိပ် ကြသည်။
မူးမူးနဲ့ ကောင်မလေး များကို ပါးစပ်သရမ်းကြသည်။ မူးမူးနဲ့ပင်
အော်ဟစ်ဆဲရေးကြ သည်။ အရက်သောက်ထားသည် ကိုပင် အင်မတန်ကြီးမြတ်သော
အလုပ်တစ်ခုကို ထမ်းရွက်ထားရ သယောင် ကျွန်တော့်စိတ်ထဲ ထင် မှတ်နေခဲ့သည်။

အဝေးသင်တက္ကသိုလ် ရောက်တော့လည်း ၀ါရင့်အရက် သမားနှစ်ဦးနှင့် အရက်ပြိုင်
သောက်ရာတွင် တစ်ပိုင်းကျန်ဖြင့် အပြတ်အသတ်နိုင်ခဲ့တာမို့ ကျွန် တော်က
အဆောင်တကာ တွင် အသောက်နိုင်ဆုံးအရက်သမားလေးဘွဲ့ကို ပြိုင်ဖက်မရှိဆွတ်
ခူးထားပြန်သည်။ စိတ်ထဲကလည်း ""ငါ အရက်ကို တော်တော် သောက်နိုင်တယ်""ဟု
ဝင့်ကြွားစွာ အရက်ဂုဏ်မောက်နေခဲ့သည်။ သံတုတ်တစ်ချောင်းဖြင့်
မိန်းကလေးသီးသန့်ဆောင်တံခါးကို နေ့လည်ဖက်ကြီး မူးမူးနှင့် သွား ရိုက်သည်။
မြန်မာစာကျုရှင်ဝိုင်း ထဲဝင်၍ ကရင်လူမျိုးဆရာမလေး ရှေ့ကသင်သမျှကို နောက်က
လိုက်နောက်သည်။ ဆရာမလေး ရှက်ရှက်နှင့် ကျွန်တော့်ကို မောင်းထုတ်တော့
စီးလာသော ဖိနပ်ကို စာသင်ခုံပေါ် တင်ကာ ကျွန်တော်ထွက်လာခဲ့သည်။
နောက်ကလိုက်ကြည့်နေကြ သော ရွံရှာစက်ဆုပ်သည့် အကြည့်များကို
ကျွန်တော်မမြင်ခဲ့ပါ။(ထိုစဉ်က ဆရာမလေးကို ဒီစာဖြင့် တောင်းပန်ကန်တော့
အပ်ပါသည်။ အာစရိယဂုဏံ အဟံဝန္တာမိပါဆရာမလေးခင်ဗျား)။

သို့နှင့် အရက်သမား ကျွန် တော်တစ်ယောက် ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော
ရန်ကုန်မြို့ကြီးသို့ ရခိုင်မြေမှနေ တလိမ့်ခေါက်ကွေး ရောက်ရှိလာသည်။
ရခိုင်မှရောက်နေကြသော သူငယ်ချင်းတစ်ချို့နှင့် ပြန်လည် တွေ့ဆုံပြီး
ရန်ကုန်မှာ ဆိုင်တကာ ပတ်သောက်ကြပြန်သည်။ မူးမူးနှင့် ရန်ကုန်ဘူတာကြီးမှာ
သွားအိပ်ကြ သည်။ အင်လျားကန်ပေါင်ပေါ်မှာ ညလုံးပေါက်အိပ်ခဲ့ကြသည်။
ကားမှတ်တိုင်တွေကို သေးကော့ ပန်းကြသည်။

အရက်သမား အမှားတစ်ထောင်ဟု ပြောကြသည်။ ကျွန်တော်ကတော့ ""အရက်သမား၊
အမှားအနန္တ""ဟု ဆိုချင်ပါသည်။ အရက်ကို ဘယ်လောက် သောက်နိုင်နိုင်
သတ်မှတ်လစ်မစ် ထက်ကျော်သွားလျှင် ကျွန်တော် သွေးဆိုးတတ်သည်။ နဂိုကတည်းက
လောကကြီးကို ကန့်လန့်မြင်သောအကျင့်က အမူးလွန်တော့ ပိုဆိုးသွားသည်။
လောကကြီးကို ရွဲ့ရွဲ့စောင်းစောင်း၊ ဇောက် ထိုးမိုးမျှော်၊
ထော်လော်ကန့်လန့် မြင်လာသည်။ မျက်စိထဲမှာ အရာရာကို မကျေမနပ်တွေ
ဖြစ်လာသည်။ မျိုသိပ်မှုတွေ ပေါက်ကွဲလာသည်။ ထိုအခါ ကျွန်တော်သည် အလွန်တရာ
အန္တရာယ်ကြီးမားလှသော အနုမြူတစ်လုံးကဲ့သို့ ဖြစ်သွားတတ်သည်။
စိတ်လွတ်သွားပြီး လူစိတ်ပျောက်ကာ ခွေးဆယ်ကောင်အားဖြင့်
စတင်လည်ပတ်တော့သည်။

ရန်ကုန်မြို့ညလယ်ကောင် တွေမှာ သူ့ဘာသာသွားလာနေ သော လိုင်းကားတွေကို ကလော်
တုတ်သည်။ ဘားလမ်းကအနှိပ် ခန်းတွေကို ရောက်ပြီး မန်နေဂျာ တွေနှင့်
ထိုးလားကြိတ်လားလုပ် သည်။ နိုက်ကလပ်တွေမှာ ၀ိတ်တာတွေနှင့် ပြဿနာတက် သည်။
မင်္ဂလာဈေးဘေးမှာ တစ်ရပ်ကွက်လုံးကို အော်ဆဲသည်။ တက္ကစီသမားတွေကို
ဒုက္ခပေးသည်။ မြေနီကုန်းလမ်းဆုံက သူ့ဘာသာထိုင်နေတဲ့လူတွေကိုလည်း
ခွေးလိုစိန်ခေါ်ခဲ့ဖူးသည်။

ထိုအချိန်တိုင်း ကျွန်တော့် ဘေးမှာ သူငယ်ချင်းတွေပါလာ လေ့ရှိသည်။ ခုနေ
ပြန်စဉ်းစား ကြည့်တော့ ထိုစဉ်က ကျွန်တော့် ဘေးမှာ ဘယ်သူမှမပါတဲ့နေ့တွေ
ဆို ကျွန်တော် ဘာပြဿနာမှ မရှိခဲ့တာကို တွေ့ရသည်။ ထိန်း မည့်သူရှိရင်
ပိုဆိုးတတ်သော လူ့ စရိုက်အတိုင်း သူတို့က၀င်ဆွဲလေ ကျွန်တော်က
ကမ်းတက်လေဖြစ် သည်။သို့သော် ကျွန်တော်တစ် ကြိမ်တစ်ခါမှ ထိပ်ပေါက်ခေါင်း
ကွဲမဖြစ်ခဲ့။ သူငယ်ချင်း တစ် ယောက်ကတော့ ""တို့က လူမိုက်
ကံကောင်းဖြစ်နေတာပဲ၊ မဖြစ်သေးလို့ဆိုးနေတာ၊ ဖြစ်လာရင် တော့ အသေပဲထင်တယ်""
ဟု ပြောဖူးသည်။

အလုပ်လုပ်တော့လည်း ကျွန်တော့်သူငယ်ချင်းတွေအားလုံး ကသောက်တတ်သူတွေ ဖြစ်နေ
တာကို အံ့သြဘွယ်ရာ တွေ့ရ သည်။ အညှီရှိရာ ယင်ကောင်လာ သကဲ့သို့
အရက်သမားရှိရာ အရက်သမားပဲလာတော့တာပေါ့။ ကျွန်တော်ကလည်း အရက်နှင့်
ပတ်သက်လာလျှင် စည်းရုံးမှုအား အလွန်ကောင်းသူဖြစ်သည်။ အနည်းဆုံး
လူငါးယောက်ခန့်ကို နေ့စဉ်အရက်သောက်ဖြစ်စေခဲ့ သည်။

ကျွန်တော်က နယ်စည်းမထား အရက်သမားဟုကြွေးကြော် ကာ
ရန်ကုန်အနှံ့ပြဲပြဲစင်လိုက် သောက်သည်။ လူပေါင်းစုံနှင့် သောက်သည်။
ကဗျာဆရာနှင့် သောက်သည်။ သတင်းထောက် နှင့်သောက်သည်။ သူဌေးနှင့် သောက်သည်။
ဆိုက္ကားသမားနှင့် သောက်သည်။ ပညာတတ် အရက်သမားတွေနှင့် သောက် သည်။
ဘယ်မြို့နယ်မှာ ဘယ်ဆိုင် ဘယ်လိုကောင်းတယ်ဆိုတာနှင့်
ကျွန်တော်ရောက်သွားလေ့ရှိ သည်။

အရက်သောက်ဖို့အတွက် အွန်လိုင်းမှ ချိန်းဆိုကြသည်။ ဖေ့စ်ဘုတ်ထဲမှာ
အရက်သမား ကော်မတီဟူ၍ စာမျက်နှာတစ်ခု ဖွင့်ပြီး အချိန်းအချက်လုပ်ကြ သည်။
""ဒီနေ့မသောက်တော့ဘူး"" ဟုငြင်းဆိုသူကို နစ်နစ်နာနာပြော ဆို၍တဖုံ၊
ချော့မော့သိမ်းသွင်း၍ တစ်မျိုး မရရအောင်ခေါ်သည်။ အရက်သမားတွေကလည်း သူတို့
အား သစ္စာဖောက်ဟု ပြောဆိုခံရ မည်ကို သိပ်ကြောက်ကြသဖြင့်
ဇွတ်မှိတ်လိုက်သောက်ကြသည်။

တဖြည်းဖြည်းနှင့် သတ်မှတ် အရက်ဝိုင်းတွေထားလာသည်။ နယ်မြေ(၁)၊ နယ်မြေ(၂)
စသဖြင့် သတ်မှတ်ပြီး ဘယ်နေ့မှာ ဘယ် နယ်မြေက ဘယ်သူတွေနှင့် သောက်ရမည်ဟု
အချိန်ဇယားဆွဲ လာသည်။ နောက်တော့လည်း ကျွန်တော်နှင့်သောက်သူအားလုံး
လိုလိုပင် ကျွန်တော်နှင့်ပတ်သက် ပြီး တစုတစည်းတည်းဖြစ်သွား ကြသည်။
အရက်တစ်ခွက်ဝင်သွားတာနှင့် ငယ်ပေါင်းကြီးဖော်တွေ ဖြစ်ကုန်ကြသည်။

တစ်ရက်မပြတ် နေ့စဉ် အကြောင်းပြချက်မြောက်မြားစွာ
ထုတ်ပြီးသောက်ခဲ့သည်။သီပေါမင်းပါတော်မူတဲ့နေ့ မှာ ၀မ်းနည်းလို့၊
လွတ်လပ်ရေးနေ့ မှာပျော်လို့၊ ဘယ်နိုင်ငံမှာငလျင် လှုပ်တာကို ကြေကွဲလို့...
စသဖြင့်ပေါ့။ ဘာအကြောင်းပြ ချက်မှရှာမရလျှင်လည်း သတင်းစာဖတ်ကာ
ဘယ်နိုင်ငံက ၀န်ကြီး လာရောက်လို့၊ ဘယ်နိုင်ငံနှင့်
သဘောတူစာချုပ်ချုပ်လိုက်လို့ စသဖြင့် ကျွန်တော့်အကြောင်းပြ
ချက်တွေမရိုးနိုင်ခဲ့ပေ။

ကျွန်တော်က အရက်ဆို ဘာလာလာသောက်သူဖြစ်သည်။ တဖြည်းဖြည်းနှင့် အရက်ဖိုးက
လစာထက်များလာတော့ ကျွန်တော်အရက်ကောင်းများကို မသောက်နိုင်တော့။ သက်သာသည့်
ဆိုင်တစ်ဆိုင်ကိုရွေးကာ နေ့စဉ် ""ဇေ""ဘီအီး တွေသောက်ရ တော့သည်။
""ဇေကသိပ်ချိုတာ ပဲ""ဟုလည်း ခပ်တည်တည်ဖြင့် ပြောတတ်လာသည်။

ကျွန်တော်နောက်ဆုံး သောက်ခဲ့တဲ့လစ်မစ်မှာ နည်းနည်း များသည်ဟု ထင်သည်။
တစ်ညကို ဆိုင်မှာတင် ဇေဘီအီးသုံးလုံး ကုန်သည့်အပြင် အိမ်ပြန်ရောက်
တော့လည်း ကားပေါ်မှာအမူး ပြေခဲ့ပြီဆိုကာ အသင့်ဝယ်ထားသော
မန္တလေးရမ်တစ်ပိုင်းကို ကုန်အောင်မော့သေးသည်။ အရက် တစ်ခွက်၊
ဆေးလိပ်တစ်ဖွာပေါ့။ ဆေးလိပ်ကလည်း အရက်သောက်ရင်း မဖွာရမနေနိုင်။
ထိုသို့ဖြင့်....။

သူမိုက်သည် မိမိပြုသော မကောင်းမှု အကျိုးမပေးသေး သမျှကာလပတ်လုံး၊
မကောင်းမှု ကို နှစ်သက်ဝမ်းမြောက်စွာ ပျားသကာကဲ့သို့ ထင်မှတ်၏။
သူ၏မကောင်းမှုအကျိုး ပေး သောအခါ
ထိုသူမိုက်သည် ဆင်းရဲ ဒုက္ခသို့ ရောက်လေ၏။

(ဓမ္မပဒ)

၂၀၁၀ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့။ အသက် ၂၁နှစ်ပြည့်မွေး နေ့မှာ
ကျွန်တော်အိပ်ရာထဲလဲ သည်။ အိမ်မှာ နှစ်ပတ်ဆက်တိုက် ကျွန်တော်
ဖျားနာခဲ့သည်။ အဖျား သွေးက တက်လိုက်ကျလိုက်။ ချောင်းဆိုးသည်။ ညာဖက်နံရိုး
အောက်က အောင့်နေသည်။ မခံ မရပ်နိုင်အောင့်တဲ့အချိန်တွေမှာ
ကျွန်တော်မျက်ရည်ပင်ကျရသည်။ ကြည့်မြင်တိုင်၊ အုန်းပင်လမ်းထဲက
အေးမေတ္တာဆေးခန်းမှာပြသည်။ ဆရာမဒေါ်အေးအေးမြင့်က ကျွန် တော့်ဗိုက်ကို
ဟိုစမ်းဒီစမ်းလုပ်ပြီး ""အသည်းကြီးနေပါလား"" ဟု တန်းပြောတော့သည်။

သို့နှင့် ကျွန်တော့်ကို ဆေးရုံ ကို အတင်းပို့တော့သည်။ ဂျပန်
ဆေးရုံကြီးဟု နာမည်တွင်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စံပြ မှတ်တိုင်နားက
ရန်ကုန်အထွေ ထွေရောဂါကု ဆေးရုံသစ်ကြီးကို ကျွန်တော်သွားရသည်။ ဆေးရုံ
ရောက်တော့ ကျွန် တော့်ကို ဓာတ်မှန်ရိုက်သည်။ သွေးစစ်သည်။ အမ်ထရာဆောင်း
ရိုက်သည်။ အမ်ထရာဆောင်း ခန်းထဲရောက်တော့ ကျွန်တော်နှင့်
အတူသောက်ဖူးသူတစ်ယောက်က လာနှုတ်ဆက်တာကိုကြုံရသေး သည်။

ဆရာဝန်မလေးတွေက ကျွန်တော့် ကိုမေးသည်။ အရက် သောက်လား၊ ဆေးလိပ်သောက်
လားပေါ့။ အားလုံးသောက် ပါတယ်ဟု ကျွန်တော်က ပြန်ဖြေ ရသည်။ အရက်သောက်တာ
ဘယ်လောက်ကြာပြီလဲလို့ မေးတော့ ကျွန်တော်က ခြောက်နှစ် ပဲရှိသေးတယ် ဟု
ပြန်ပြောသည်။ စစ်ဆေးမှုတွေ ပြီးသွားတော့ ကျွန် တော့်ဆီမှာ အေဘီစီမရှိဘဲ
အဖြေသုံးခုသာ ရလာသည်။

(၁) တီဘီဖြစ်နေသည်။(တီဘီက ဓာတ်မှန်မှာမတွေ့။ သလိပ်စစ်တော့လည်းမတွေ့ဘဲ
အသားစဖောက်စစ်တော့မှ ပေါ်လာတာဖြစ်သည်)။

(၂) ဘေလုံးမှာ ပြည်တည် နေသည်။(တီဘီကြောင့်ဖြစ်သည် ဟု ဆရာဝန်တွေကမှတ်ချပြု သည်)။

(၃) အသည်းကြီးသည်။ အဆီဖုံး၍ အတွင်းမှာစခြောက်နေ ပြီဖြစ်သည်။
(အရက်ဆက်သောက်ပါက နိဗ္ဗာန်ယာဉ်တစ်စီး လက်ဆောင်ရလိမ့်မည်ဖြစ်ကြောင်းလည်း
ပြောကြသည်)။

ထို့နောက် ဆရာဝန်တွေက ကျွန်တော့်ဆေးမှတ်တမ်းထဲမှာ Heavy Alcoholic
ဟူ၍ရေးမှတ် လိုက်ကြသည်။ ""ငယ်ငယ်ရွယ် ရွယ်နဲ့နော်..မယုံနိုင်စရာပဲ""
ဆိုသည့် အကြည့်မျိုးနဲ့လည်း ကြည့်ကြသည်။ ဂျပန်ဆေးရုံကြီးမှ
ဆရာဝန်ကြီးနှင့်တကွ ဆရာဝန် များ၊သူနာပြုဆရာမများ အားလုံး ကောင်းကြပါသည်။
လူနာအပေါ် စေတနာအပြည့်ဖြင့် ကုသပေး ကြတာကိုတွေ့ရသည်။

ကျွန်တော်က ဆေးရုံမှာ ပျော်နေသည်။ အိပ်ရာထဲမှာ လုံးလုံးလဲနေတာမဟုတ်ဘဲ
မူးဝေ ထိုင်းမှိုင်းနေကာ အသည်းအောင့်နေတာတစ်ခုပဲ ဖြစ်တာကြောင့်
ဟိုသွားလိုက် ဒီသွားလိုက် ကန်တင်းဆင်းထိုင်လိုက်၊ ဆရာမလေးတွေအခန်းကို
မယောင်မလည်သွားချောင်းလိုက်ဖြင့် ဟုတ်နေသည်။ သို့သော်လည်း ဆေးရုံက
ကျွန်တော့်ကို တစ်ပတ်ပဲထားသည်။ စီတီရိုက်ပြီး နောက် တစ်နေ့မှာပဲ
ဆင်းခိုင်းလိုက်သည်။ ကျွန်တော့်ကို အိမ်မှာပဲ သုံးလလောက်နားနေရန် အကြံ
ပြုလိုက်ကြသည်။

ကျွန်တော်တီဘီ ဆေးခြောက်လ သောက်ရသည်။ အသည်းအားဆေးနေ့စဉ်သောက် ရသည်။
ပြီးတော့ ဆေးရုံကပေး လိုက်တဲ့ ဆေးတွေကို သောက်ရ သည်။
လမ်းတော့သိပ်လျှောက်လို့ မရသေး။ ဆယ်လှမ်းလောက် လျှောက်လိုက်ရင်ပဲ
လူကခွေလဲကျသွားသည်။ ထို့ကြောင့် အိပ်ရာ ထဲမှာပဲနေရသည်။ ကျွန်တော့်
ကောင်မလေးကလည်း နေမကောင်း စဖြစ်ကတည်းက ကျွန်တော့်အနားမှာ လိုလေသေးမရှိ
ဖေးမပေးနေသည်။

ရုံးက တာဝန်ရှိသူတွေ အိမ်ကိုရောက်လာသည်။ ဂျာနယ်က အယ်ဒီတာ၊ သတင်းထောက်
တချို့ရောက်လာသည်။ ကျွန်တော်ကတော့ သေမှာပါ၊ ဘယ်လိုမှ မလွဲနိုင်ဘူးဟု
စိတ်ချလက်ချ ထည့်ဝင်လိုက်ကြသော ကူငွေသုံးသိန်းခန့်ကိုလည်း ယူဆောင်
လာကြသည်။ ကျွန်တော့်သူငယ်ချင်းများကလည်း ကျွန်တော့်ဘ၀ အကြောင်းတွေကို
စုံလင်စွာ သိရအောင် လာမေးကြသည်။ ကျွန် တော်ကလည်း ဂျာနယ်မှာ
ကွယ်လွန်သူတမ်းချင်းတွေ ရေးခဲ့သူမို့ အထာနပ်သည်။ ကျွန်တော်
မသေနိုင်သေးတဲ့ကြောင်း သူတို့ နားလည်အောင်ရှင်းပြတဲ့အခါမှ မကျေမနပ်ဖြင့်
လူနာမုန့်များကို အားပါးတရ စားသောက်ပြီး ပြန်သွားကြသည်။

ကျွန်တော် ရုံးကပေးထားသော သနားခွင့်ကလေးဖြင့် အိမ်မှာနားနေရင်း
ကျွန်တော်အရက်သောက်ခဲ့တဲ့အချိန်တွေကို ပြန်တွက်ကြည့်နေမိသည်။

တစ်နှစ်ကို ၃၆၅ရက်ဖြင့် တွက်ကြည့်မည်။ သောက်ခဲ့တာ ခြောက်နှစ်ဆိုတော့
ရက်ပေါင်း ၂၁၉၀ ။ ရက် ၂၀၀၀ ပဲထားဦး။ ၅ နှစ်လောက်ကို တစ်နေ့လျှင်
အရက်တစ်လုံးနီးပါးနှင့် တွက်မည် ဆိုပါက ရက်ပေါင်း ၁၈၀၀ နီးပါး။
အရက်ပုလင်းပေါင်း ၁၈၀၀နီးပါး။ နောက်ဆုံးတစ်နှစ်က တစ်နေ့သုံး
လုံးကုန်အောင်လူမှန်းသူမှန်းမသိ သောက်ခဲ့တာ ဆိုတော့ ရက် ပေါင်း ၃၆၅ရက်မှာ
အရက်ပုလင်း ပေါင်း ၁၀၀၀ ကျော်။ ခြောက်နှစ် အတွင်း
တစ်ရက်ဆယ်လိပ်နှုန်းဖြင့် ဆေးလိပ်ပေါင်းနှစ်သောင်းကျော်။

တွက်ကြည့်မှ ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ ကျွန်တော်
အရက်ပုလင်းပေါင်း ၂၈၀၀ ကျော်နှင့် ဆေးလိပ်ပေါင်း ၂၀၀၀၀ ကျော်ကို
သောက်ခဲ့ပြီးပြီ ပဲ။ ဒါတောင် ခြောက်နှစ်တည်း နှင့် ရောဂါကထဖြစ်လို့ပေါ့။
နို့မို့ ဆို ကျွန်တော် ဘယ်လောက် သောက်မိဦးမည်မသိ။ အရက် သောက်တာ
တစ်နေ့ကို ညနေ ၇ နာရီမှ ၁၁ နာရီခန့်ထိ ကျွန်တော် အချိန်ပေးခဲ့သည်။
မလိုအပ်ဘဲ ကုန်ခဲ့တာ နာရီပေါင်း ၈၇၆၀။ နှမျောစဖွယ် အချိန်များပင်။

ခုတော့ ကျွန်တော် အရက်ရော ဆေးလိပ်ရော မသောက်တော့ပါ။ အရက်မသောက်တော့ မှ
အရက်မကောင်းကြောင်း ထရေးနေတာလည်း မဟုတ်ပါ။ ကျွန်တော့်အတွေ့အကြုံများကို
ရိုးသားစွာ တင်ပြနေခြင်းသာ ဖြစ်ပါသည်။

အရက်ဝိုင်းတွင် ကျွန် တော့်အတွက် ခွက်တစ်လုံး လွတ် နေတာကလွဲလို့
ကျွန်တော့် သူငယ်ချင်းများမှာလည်း နဂို အတိုင်း သောက်နေကြဆဲပင် ဖြစ်
ပါသည်။ ကျွန်တော်ကလည်း မတားပါ။ တားလို့လည်း ရမှာမှ မဟုတ်ဘဲ။ တချို့ကတော့
ကျွန်တော့်ကိုအဖြစ်ကြည့်ပြီး လန့်ကာ လျှော့သောက်လာ
ကြတာကိုတွေ့ရသည်။အရက်သောက်သူကို အရက်သောက်တာမကောင်းဘူး လို့ သွားပြောပါက
အရက်ကောင်းတာ ခင်ဗျားမှမသိဘဲဟု ပြန်ဖြေမည်သာ ဖြစ်သည်။ လူတို့သည်
သူတို့ကြိုက်နှစ်သက်သော အရာကို ခုခံကာကွယ်တတ်ကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။

နေ့ရက် အချိန်ပေါင်းများ စွာ၊ ပုလင်းပေါင်းများစွာကို ပျော်ရွှင်စွာ
သောက်သုံးခဲ့ပြီးပါပြီ။ ကျွန်တော် ၀သွားပါပြီ။ တော်ပါပြီ။ ကျွန်တော်
ဆက်သောက်ချင်စိတ်လည်း မရှိတော့ပါ။ ဆက် သောက်လို့လည်း မရတော့တာကြောင့်တော့
မဟုတ်ပါ။ ကျွန်တော်က သောက်ချင်လျှင် အသေခံသောက်သွားမည့် ကောင်မျိုး
ဖြစ်ပါသည်။ ထိုမျှ ကျွန်တော် အရက်ကို နှစ်ခြိုက်ခဲ့ ပါသည်။(ကျွန်တော့်အဖေ
သည်လည်း ထိုသို့နှစ်ခြိုက်မှုကြောင့်ပင် အသက် ၃၅နှစ် အရွယ်မှာ
သွေးပွက်ပွက်အန်၍ ကွယ်လွန်ခဲ့ရပါသည်)။

လူငယ်တစ်ဦးမှာ အိပ်မက်များစွာရှိပါသည်။ ထိုအိပ်မက်တွေကို
အကောင်အထည်ဖော်ရန် လူငယ်တိုင်းကြိုးစားနေကြပါသည်။ အရက်တစ်ခုကြောင့် ဘ၀ကို
ရပ်တန့်မနေချင်တော့ပါ။ အရက် က တစ်ကိုယ်တော် ဘယ်တော့မှမလာပါ။ ဆေးလိပ်၊
မိန်းမမှစ၍ မကောင်းမှုဟူသမျှကို ခြံရံခေါ် ဆောင်လာလေ့ရှိပါသည်။
အရက်သောက်နေစဉ်မှာ အရက်ကို ကိုယ်ကအနိုင်ယူနေသည်
ဟုထင်မှတ်မိကြသော်လည်းတကယ်တမ်းတော့ အရက်က ကိုယ့်ကို ခပ်ပြုံးပြုံးလေး
ဖြည်းညင်းစွာ အနိုင်ပိုင်းနေခဲ့မည်သာဖြစ်ပါသည်။

ယခု ကျွန်တော်အရက်ဆိုင် တွေကို တစ်ခါတရံရောက်တတ်ဆဲဖြစ်သည်။
သူငယ်ချင်းချစ်သော ကျွန်တော်က သူငယ်ချင်းတွေနှင့်အတူ
သူတို့၏အရက်ဝိုင်းမှာ အချိုရည်တစ်ပုလင်းဖြင့် ဘေးက ထိုင်ပေးစမြဲဖြစ်သည်။
ကိုယ့်စိတ် ကိုယ်နိုင်ဖို့သာအဓိကဖြစ်ပါသည်။

မကောင်းမှုကို မိမိပြုလျှင် မိမိသည်ပင် ပူပန်ညစ်ညူးရ၏။
မကောင်းမှုကို မိမိမပြုလျှင် မိမိ သည်ပင် စင်ကြယ်၏။
စင်ကြယ် ခြင်း၊ မစင်ကြယ်ခြင်းကို မိမိ သည်ပင် ပြုလုပ်၏။
တစ်ယောက်သော သူသည် အခြားသူတစ်ယောက်ကို
ကိလေသာ အညစ်အကြေးမှ စင်ကြယ်လေအောင် မသုတ်သင်နိုင်။

(ဓမ္မပဒ)

ဘယ်သူမပြုမိမိမှုပါ။ ဒီစာကိုရေးနေတဲ့အချိန်မှာ ကျွန်တော့် ကိုယ်တွင်းမှာ
အသည်းရော အဆုတ်ရော ပျက်စီးယိုယွင်းနေခဲ့ပြီဖြစ်ပါသည်။ လူကိုယ်တိုင်လည်း
ပျက်စီးခဲ့ဖူးပါပြီ။

နံနက်မိုးသောက်လျှင် အရှေ့အရပ်မှာ ရောင်နီဖြာပါလိမ့်မည်။ ။

ဥက္ကာကိုကို
7DayNews ဂျာနယ်၊ အတွဲ(၁၀)၊အမှတ်(၆)၊ ဧပြီ-၂၈၊၂၀၁၀။

Bookmark and Share

Saturday, April 23, 2011

“ခုချိန်ဆို နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေကျနေတုန်းပဲလား”

ကြည့်မြင်တိုင်နေပြည်တော်
ဘုံခြောက်ဆင့်ပေါ်ကနေ
နင်ရှိတဲ့အရပ်ဆီ သမသတ်မျှော်လိုက်တော့
ကမ္ဘာ့မြေပုံမှာ
သတိရစိတ်တွေ လင်းဖြာသွားလေရဲ့။

ငါက ကျိန်စာသင့်နေသူပါချစ်သူရယ်
ကိုယ့်ဝိညာဉ်တောင် ကိုယ်မပိုင်တဲ့အဖြစ်နဲ့
မြို့ဟောင်းကြီးထဲမှာ မျက်ခုံးလှုပ်လှုပ် ရပ်တည်နေပါတယ်။

ခုချိန်ဆို
နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေ ကျနေတုန်းပဲလား
ငါကတော့
အမြင့်မားဆုံးအပူဒဏ်အောက်
ထီးတစ်လက်နဲ့ လျှောက်နေရဆဲလေ။

"နင်နဲ့ငါနဲ့က သူငယ်ချင်းတွေပါ" ဆိုတဲ့စကားကို
ကိုယ့်စိတ်ကိုယ် ယုံကြည်မှ ပြောစမ်းပါကွာ
နင်လည်းငါ့ကိုချစ်တယ်ဆိုတာ
ငါ သေသေချာချာ သိခဲ့တာပေါ့။

တစ်နေ့ညက
သိမ်းထားတဲ့ နင့်ဓာတ်ပုံလေးကို စိုက်ကြည့်ပြီး
ညကြီးမင်းကြီး တရားထမှတ်ဖြစ်တယ်
အဲဒီတရားက ချစ်ခြင်းတရားပဲဆိုပါစို့
"နင့်ရင်ထဲမှာ ငါရှိရဲ့လား"ဆိုတဲ့ ဂါထာကို
အခေါက်တစ်ထောင် ဥုံခံရွတ်ရင်း
နင့်အပေါ်ချစ်တဲ့အချစ်မှာ
ငါဟာ သိဒ္ဓိပေါက်ခဲ့ပါတယ်။

ကောင်းကင်ပေါ်မှာ
လေယာဉ်ပျံတစ်စင်း ပျံသွားတာတွေ့တိုင်း
ငါက အားငယ်စိတ်နဲ့ ရပ်ကြည့်မိတယ်
ပြီးတော့လည်း ပြီးသွားတာပေါ့
ငါကလည်း ငါပါပဲ
လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင်
ချစ်သူကိုလွမ်းပြီး မျက်ရည်ဝဲတဲ့ကောင်။

အွန်လိုင်းပေါ်က ပျောက်ပျောက်နေတဲ့မီးလုံးလေး
ဟိုးအဝေးကြီးမှာ အိပ်ပျော်နေရှာမလား
ကယောင်ချောက်ခြားနဲ့  "အို..အေး..အေ" လို့ ငါထရွတ်တယ်
ဒီမှာက နေ့ဆို နင့်ဆီမှာ ည
ငါတို့နှစ်ယောက်တွေ့ဆုံချိန်တွေက သိပ်မလှပါဘူးကွာ။

နင့်အပေါ်ထားရှိတဲ့မေတ္တာမှာ
ကာမတဏှာတွေပျောက်နေတာ
ငါ့ဘာသာတောင် ပြန်အံ့သြရတယ်
နင်က ငါ့ရဲ့ ညီမလေးပါ
နင်က ငါ့ရဲ့ဆင်ပေါက်လေးပါ
နင်က ငါ့ရဲ့ ခွေးပုလေးပါ
ပလေတိုကြီးရေနစ်တဲ့အချစ်* နဲ့ နင့်ကိုငါ ချစ်နေမှာပေါ့။

ငါက ခေသူမဟုတ်တော့
ဒုတိယတန်းအရွယ်မှာ
အတန်းဖော်မလေးတစ်ယောက်ကို ရည်းစားစာပေးဖူးတယ်
အဲ့ဒီကောင်မလေးကလည်း ခေသူမဟုတ်တော့
အတန်းပိုင်ဆရာမကို သွားတိုင်တာပေါ့
ဆရာမက ငါ့စာကိုဖတ်ပြီး တခစ်ခစ်နဲ့
ကျောင်းအုပ်ကြီးကလည်း ငါ့စာကိုဖတ်ပြီး တဟစ်ဟစ်နဲ့
ငါက အဲဒီတုန်းက
ကြိုက်တယ်ဆိုတာကို စာလုံးမပေါင်းတတ်သေးတော့
စာထဲမှာ
"နင့်ကိုငါ ကြတ်တယ်" လို့ရေးပေးလိုက်တာလေ။

အဲဒီလိုပါပဲ ချစ်သူရယ်...
ဦးဇေယျာကို** က
နေကြတ်လကြတ်တွေ ဘယ်လောက်ဟောနေနေ
ငါကတော့
နင်နဲ့ပဲ "ကြတ်" ချင်ပါတယ်။

မိုနာလီဇာအပြုံးလှတယ်ဆိုတာ
အရက်သမားတွေ မူးကြောင်ရူးကြောင်လျှောက်ပြောတာပါ
ဘယ့်နှယ်... မချိုမချဉ်စပ်ဖြဲဖြဲလုပ်နေတာကြီးကိုများ
ငါကတော့
"သူမအပြုံးလောက်လှတာ ဆယ်ကမ္ဘာမရှိ
ထိုသို့သာလျှင် ကျွန်ုပ်ထင်ချေ၏" လို့ ရေရွတ်ရင်း
နင့်ရဲ့စီတန်းနေတဲ့ သွားဖြူဖြူလေးတွေကို
နှုတ်ခမ်းရော လူရော လွမ်းနေတော့တာပါပဲ။

ရှေးမြန်မာတွေ ကိုးကွယ်ကြတဲ့
ကိုယ်စောင့်နတ် ၁၂ ပါးထဲက
နံပတ် ၇ နတ်ရဲ့နာမည်က "ကညာယက္ခ"တဲ့
သမီးပျိုကို စောင့်ရှောက်သောနတ်လို့ခေါ်တာပေါ့
ငါကလည်း
နင့်အနားမှာ ထာဝရစောင့်ရှောက်ရင်း
အလင်းရောင်တွေဖြန့်မိုးပေးချင်ခဲ့သူပါ
(တချို့ကတော့ ကောက်ရိုးပုံစောင့်ခွေးလို့ခေါ်ကြမှာပေါ့
ချစ်သူသာရှိရင် ဘာကိုမှ ငါဂရုမစိုက်ပါဘူးကွယ်)။

ကွမ်းစားတာ သဘောကျတယ်လို့နင်ပြောတဲ့အခါ
ကွမ်းယာကုလားတွေကိုယ်စား ငါက ကျေးဇူးတင်ရပါတယ်
ထမင်းစားပြီးတိုင်း ကွမ်းထုပ်လေးကိုဖြည်ကာ
ဆေးဖယ်ထားတဲ့ ကွမ်းတစ်ယာ
နင့်ကိုခွံ့ကျွေးမှာပေါ့။

ပြီးရင် တို့တွေ တစ်ရေးတမော အိပ်ချင်အိပ်ကြမယ်
ငါက နင့်ပါးလေးကို လက်ညိုးနဲ့တို့ထိပြီး
ရွှေမင်းသမီးနဲ့ ကဗျာဆရာ ပုံပြင်တစ်ပုဒ်ကို တိုးတိုးပြောပြ
နင့်ကိုချော့သိပ်ရင်း အိပ်မက်တွေလှပစေမှာပါ။

နင် နိုးလာတဲ့အခါ
နင့်ရဲ့ ညာဖက်လက်ကလေးကို ဖွဖွကိုင်ဆွဲ
သနပ်ခါးရေကျဲလိမ်းထားတဲ့ ညနေခင်းထဲ
ခပ်ရဲရဲပဲ တွဲလျှောက်သွားကြမယ်လေ
(အဲဒါဟာ ငပလီကမ်းခြေတစ်နေရာမှာ ဖြစ်ချင်ဖြစ်မှာပေါ့)။

အဲဒီလိုလေးတွေပေါ့ ချစ်သူရယ်....
ချစ်တဲ့စိတ်နဲ့ ငါနဲ့
အရူးကြီးရူးခဲ့ရပါတယ်
ငါချစ်တဲ့ ဆင်ပေါက်လေးအတွက်
ငါ ဒီကဗျာကို ရေးသားမိပါရဲ့
နင်ကတော့ ကလစ်တစ်ချက်အသာနှိပ်
ပွင့်ကျလာတဲ့စာမျက်နှာမှာ
ကော်မန့်တစ်ခုဝင်ပေးပြီး
သူငယ်ချင်းတို့ရဲ့ ၀တ္တရားကို ကျေပွန်စေရုံ
မျက်နှာလေးခပ်မှုန်မှုန်နဲ့
နှုတ်ခမ်းလေးကို ကွေးကွေးမဲ့မဲ့
"ဟာသပဲ" လို့ ထင်ခဲ့မှာပေါ့။

ရပါတယ်ကွယ်...
ငါကလည်း
ချစ်တဲ့စိတ်ကို ရင်မှာပိုက်ပြီး
ခပ်မိုက်မိုက်ပဲ ရှေ့ဆက်တိုးခဲ့ပါမယ်။

"တစ်နေ့ ငါယူတဲ့ယောက်ျားဟာ
နင်ပဲဖြစ်စေရမယ်" လို့ တဟားဟားရယ်ရင်းပြောတဲ့
နင့်ရဲ့ စကားလေးကို
အသည်းကြားမှာ ထည့်ထားမိတယ်
ဒါဟာ
စစ်ချီတေး တစ်ပုဒ်ပေါ့ချစ်သူရယ်
လာ....လာ...
ငါတို့တွေ မာန်ပါပါနဲ့ ချီတက်သွားရအောင်။

ခုချိန်ဆို
နင်နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေ ကျနေတုန်းပဲလား
ပြန်လည်ဆုံတွေခြင်းဟာ
ရက်ပေါင်းရာနဲ့ချီ ကြာလိမ့်ဦးမှာလား
အင်းလျားကန်ကြီးက နင့်ကိုမျှော်နေတယ်
ပြည်လမ်းမကြီးက နင့်ကိုမျှော်နေတယ်
၃၃လမ်းညနေခင်းက နင့်ကိုမျှော်နေတယ်
ပြီးတော့...
ကဗျာထမ်းလမ်းလျှောက်တစ်ကောင်ကလည်း
နင့်ကို အမျှော်ကြီးမျှော်နေတာပေါ့ကွယ်။

နင်ကတော့....
ဆီးနှင်းတွေ တဖွဲဖွဲကျနေတဲ့
ဖြူဖွေးစိုစွတ်သော လမ်းမကြီးတွေမှာ
အနွေးထည်ပွကျားကျားလေး ၀တ်လို့
ပူပင်သောကကင်းမဲ့စွာ
တလှတပလေး ပြုံးနေဦးမှာပါပဲ။

အဲဒီအပြုံးလေးတွေကို
ငါက မြင်ယောင်ရ
ရင်ခုန်ရ
လွမ်းမောရ
ကြေကွဲရ
ပင့်သက်ရှိုက်နေရ
သက်ပြင်းပူတွေမှုတ်ထုတ်ရင်း နုံးလျခွေကျရ။

ငါ နင့်ကို သိပ်သတိရတာပဲ ချစ်သူရယ်
အဲ့ဒီလို
ကယောင်ချောက်ခြားနဲ့ ထပ်ပြောမိပြန်တယ်
ခုချိန်ဆို
နင်နေထိုင်တဲ့အရပ်ဆီမှာ
နှင်းတွေ ကျနေတုန်းပဲလား။           ။

ဥက္ကာကိုကို

(ဒီအချိန်ဆို သူမ နေထိုင်တဲ့အရပ်ဆီမှာ နှင်းတွေဝေနေမှာပေါ့။ နွေလည်ခေါင်ခေါင်ကြီးမှာ ကျနော့်အာရုံတွေ အေးစိမ့်လာရသည်။ ကောင်းကင်ပေါ်မှ လေယာဉ်ပျံကြီးများ ဖြတ်ပျံသွားတိုင်း စိတ်ကကိုယ်နဲ့လွတ်လွတ်သွားရသည်။ အလုပ်ပျက်အကိုင်ပျက် လွမ်းဆွတ်ခြင်း
ဒေသနာကို ကျနော် နာကြားနေခဲ့သည်။ ၂၀၁၁ခုနှစ် နွေရာသီဟာ သိပ်ပူလောင်တာပဲ။ ကျနော့်ရင်ထဲမှာလည်း အလွမ်းဒီဂရီတွေ တရိပ်ရိပ်တိုးလာနေသည်။ ပူလောင်လိုက်တာ ချစ်သူရယ်။ နွေသစ်ရွက်တွေကရန်ကုန်မြို့ကြီးတစ်လျှောက်တဖြုတ်ဖြုတ်ကြွေဆင်း နေသည်။ ကြည့်မြင်တိုင် အုန်းပင်လမ်း၊ တိုက်နံပတ် ၁၈ရဲ့ ခြေရင်းခန်း ခြောက်လွှာဝရန်တာပေါ်မှာ ကျနော် ကယောင်ချောက်ခြားဖြစ်နေခဲ့သည်။ ဂျီတော့ခ်ပေါ်က ပျောက်ပျောက်နေတဲ့ မီးလုံးကလေး ကျန်းမာပါစေ။ ဖေ့စ်ဘုတ်စာမျက်နှာထဲမှာ ကျနော်လမ်းသလားရင်း သူမဧည့်ခန်းထဲမှာ ခပ်တည်တည်ဝင်ထိုင်ရင်း စိတ်ကိုဖြေဖျောက်ရသည်။ ပြန်ဆုံချိန်ကို တမ်းမျှော်ရင်း ကဗျာဆရာလင်းလက်တာရာရဲ့ ကဗျာတစ်ပိုဒ်ကို သဲ့သဲ့ ရွတ်ဆိုနေမိသည်...။

"သံစဉ်တွေချိုမယ့်ရာသီ...
မကြာမီ..တဲ့လား
နာရီတွေ
အရောက်စောပါစေ"


နှင်းဖွေးဖွေးထဲမှာ သူမ လှပနေဦးမှာပါပဲ။ အသေအချာပေါ့။)

မှတ်ချက်။           ။
(၁) * ပလေတိုကြီးရေနစ်တဲ့အချစ် - platonic love ကိုဆိုလိုခြင်းဖြစ်ပါသည်။ သူမကိုချစ်တဲ့အချစ်သည် တဏှာရာဂကင်းစွာရှိချေ၏။
(၂)** ဦးဇေယျာကို - နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် နက္ခတ်ဗေဒင်ပညာရှင်ဖြစ်ပါသည်။

ဤကဗျာသည်... ဖြစ်ရပ်မှန်ချစ်ခြင်းဖွဲ့တစ်ခုဟု သင်ထင်မြင်မိပါသလား။ သို့တည်းမဟုတ်... စိတ်ကူးယဉ်သက်သက်ဖြင့် ရုပ်နာမ်မဲ့ခံစားမှုတစ်ခုဖြစ်ကြောင်း သင်ထင်မြင်မိပါသလား။ :P :P
Bookmark and Share

Thursday, April 21, 2011

သင်္ကြန်တွင်းမှာဖတ်မိတဲ့ ဟာသများ(၂)

ငွေရတု

လင်မယားနှစ်ယောက်လက်ထပ်တဲ့ 25 နှစ်မြောက်ငွေရတုနေ့မှာ ယောက်ျားလုပ်သူက မိန်းမကို ဒီလိုလေးပြောပြပါတယ်။
""တကယ်ဆိုရင် မင်းနဲ့ငါနဲ့ညားတာ မှားယွင်းတဲ့နားလည်မှုရလဒ်တစ်ခုကြောင့်ပဲကွ""
""ဘာ... ဘယ်လို... ရှင်းစမ်းပါဦး""
""ဒီလိုလေ... အဲဒီနေ့က ငါလေချွန်တာ မင်းကိုခေါ်တာမဟုတ်ဘူး။ တက္ကစီသမားကိုခေါ်တာကွ""

အာဂအဖေ

ကျွန်တော့်ဖေဖေခေါင်းစဉ်ဖြင့် စာစီကုံးရေးခိုင်းရာ ကျောင်းသားလေးတစ်ဦးက ဤသို့ရေးထားသည်။
""ကျွန်တော်၏ဖေဖေသည် အာဂလူစွမ်းကောင်းယောက်ျားပင်ဖြစ်သည်။ သူသည် ပင်လယ်ကို ဖြတ်ကူးနိုင်သည်။
သဲကန္တာရကို ဖြတ်လျှောက်နိုင်သည်။ ကျားကိုရင်ဆိုင်သတ်ရဲသည်။ သူမလုပ်နိုင်တာမရှိပေ။ သို့သော်လည်း
လောလောဆယ်တွင် သူသည် ပန်းကန်ဆေးခြင်း၊ အမှိုက်သွန်ခြင်းကိုသာ မကြာခဏပြုလုပ်နေရပေသည်""

မေးပဲမေးရက်တယ်

တရားရုံးမှာ သက်သေအမျိုးသမီးကို တရားသူကြီးက မေးတယ်။

""ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ""
""ကျွန်မအသက် ၃၀ ပြည့်ပါပြီ""။ အမျိုးသမီးက တိုးတိုးလေးဖြေပါတယ်။
""ကောင်းပြီ။ ဒါနဲ့ ဘယ်နှခုနှစ်က ၃၀ ပြည့်တာလဲ""

နှိုးလိုက်ဦး

""မောင်ရေ... မြန်မြန်ထစမ်းပါ။ အိမ်ထဲသူခိုးဝင်နေတယ်ထင်တယ်။ တရှပ်ရှပ်အသံကြားနေရတယ်""
""ငါက ဘာလုပ်ရမှာတုန်း မိန်းမရ"" ယောက်ျားလုပ်သူက အိပ်ချင်မူးတူးနဲ့ ပြန်ပြောတယ်။
""ရှင်ကလဲ... အနည်းဆုံး ခွေးကို နှိုးလိုက်မှပေါ့""

ရှိတ်စပီးယားကိုရှောင်

""မကောင်းတဲ့ စကားလုံးတွေကို သားသုံးတတ်နေပါလား။ မာရ်နတ်၊ မိစ္ဆာ၊ ပြိတ္တာတဲ့။ မေမေစိတ်မကောင်းဘူးသားရယ်""
""မေမေ.. ဒီစကားလုံးတွေကို သားရှိတ်စပီးယားဆီကရခဲ့တာပါ""
""ဟင်... ဒါဆို သူနဲ့မကစားနဲ့တော့""

ရွှေသမက်၊ ငွေသမက်

""အဒေါ့်ရဲ့သမက် ဘယ့်နှယ်လဲ။ လူတော်လေးမဟုတ်လား""
""တစ်ခုပဲဆိုးတယ်။ သူ ဖဲမကစားတတ်ဘူး""
""ဟာ... အဲဒါ ပိုကောင်းတာပေါ့""
"" ဘာကောင်းရမှာလဲ။ မကစားတတ်ဘဲ ၀င်ကစားတော့ ပိုဆိုးတာပေါ့""

မြင်ဖူးတယ်

ပန်းချီဝေဖန်ရေးသမားတစ်ယောက်ပါ။ သူကအရက်ကို အလွန်အကျွံသောက်လေ့ရှိပါတယ်။
တစ်နေ့မှာ အရက်တော်တော်မူးနေရင်း ပန်းချီပြပွဲတစ်ခုကိုသွားတယ်။ ပြပွဲအ၀င်ဝက မှန်တစ်ချပ်ရှေ့မှာ ရပ်လိုက်ပါတယ်။
ပြီးတော့မှတ်စုစာအုပ်ကိုထုတ်ပြီး ဟောဒီလိုရေးချလိုက်ပါတယ်။
""ပန်းချီကားအမှတ်-၁။ အရက်သမားတစ်ဦး၏ဦးခေါင်းပုံ။ သရုပ်ပါလှသည်။ ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မည်။
သူ့ကို မကြာခဏမြင်ဖူးသည်""

စော်ကားတာသေချာတယ်

တရားသူကြီး။    ။ခင်ဗျားကို တရားခံက "ချီးဘရိန်း" လို့ပြောတာဟာ ရုတ်တရက်စိတ်ဆိုးတုန်း ပါးစပ်က လွှတ်ခနဲထွက်သွားတာ ဖြစ်မယ်ထင်တယ်။
တရားလို။        ။ မဖြစ်နိုင်ဘူးခင်ဗျ။ သူ ကျွန်တော့်ခေါင်းကို အကြာကြီးကြည့်ပြီးမှ ပြောတာဖြစ်ပါတယ်။

သမက်

""ခင်ဗျားသမီးကို ဒီကောင်နဲ့ပေးစားတာ မှားတယ်ထင်တယ်။ ဒီကောင်က ထောင်ငါးနှစ်ကျခဲ့တဲ့ကောင်ဗျ""
""ကြည့်စမ်း။ ဒီကောင် ကျွန်တော့်ကိုလိမ်တယ်။ စောစောကတော့ ထောင်သုံးနှစ်ပဲကျဖူးပါတယ်လို့ ကျွန်တော့်ကိုအယုံသွင်းတယ်။ ခွေးမသား""

သားတို့အမေ

""ဖေဖေ.... ဖေဖေ့ကို ဖေဖေ့အမေက ရိုက်ဖူးလားဟင်""
""မရိုက်ဖူးပါဘူးသားရဲ့။ မင်းအမေကသာ ရိုက်တာပါ""

သန့်ရှင်းမှကြိုက်တယ်

အလွန်သန့်ရှင်းတာကိုကြိုက်တဲ့လူတစ်ယောက်ဟာ သူ့အခန်းရှေ့တံခါးမှာ ဟောဒီလို စာတစ်စောင်ကိုကပ်ထားပါတယ်။
""ခြေထောက်ကိုသေချာသုတ်ပါ။ ခြေသုတ်ကော်ဇောသည် ဘေးအခန်းရှေ့မှာရှိသည်""

သတ်မှတ်ချက်

ပင်လယ်ကမ်းခြေအနားယူစခန်းမှာပါ။
""ဟေ့... မမြ... ဘာဖြစ်လို့ နိုင်လွန်ခြေအိတ်ကို လည်ပင်းမှာ ဆွဲထားရတာလဲ""
""အော်... ဒါလား။ အနားယူစခန်းမှာ တစိမ်းယောက်ျားတွေ ရိသဲ့သဲ့လုပ်ပြီး အတင်းမဟားဒယားလုပ်မယ်ကြံရင် ခြေအိတ်အထက်ပိုင်းကိုလုံးဝခွင့်မပြုနဲ့လို့
ယောက်ျားက မှာလိုက်လို့ပါ""

အလွယ်လေး

ကျောင်းမှာ ကြက်ခြေနီသင်တန်းဖွင့်နေစဉ်ပေါ့။
နည်းပြက မေးပါတယ်။
""ဟေ့... မောင်မြ... အကယ်လို့များ မင်းရဲ့ ညီမလေးက အိမ်သော့ကိုမျိုချလိုက်ပြီဆိုပါစို့။ မင်း ဘာလုပ်မလဲ""
""ဟင်.. ဘာလုပ်ရမှာလဲ။ ပြတင်းပေါက်ကို မရရအောင်ဖွင့်ပြီးဝင်မှာပေါ့""

ဆန္ဒပြည့်သူ


ကပ္ပလီတစ်ယောက် သဲကန္တာရမှာ လမ်းမှားပြီး အစာပြတ်ရေပြတ်ဖြစ်နေပါတယ်။ ရေလည်း အရမ်းငတ်နေတာပေါ့။ လျှောက်လာရင်း ရှေ့မှာ ရေတကောင်းတစ်ခုကို မြင်တာနဲ့
ရေရှိလိုရှိငြား ဖွင့်လိုက်ပါတယ်။ ရေတကောင်းထဲက အာလာဒင်ထွက်လာတယ်။
""အလိုရှိရာပြောပါအရှင်... အကုန်ဖြည့်ဆည်းပေးပါ့မယ်""
ရေငတ်နေတဲ့ကပ္ပလီက ရှိသမျှအားလေးနဲ့ အသံကုန်အော်ပြောလိုကတယ်။
""သန့်စင်တဲ့ရေအေးတွေအများကြီး ငါ့ကိုဖြတ်သန်းသွားစေချင်တယ်။ ငါ့အသားဟာ အဖြူရောင် ဖြစ်သွားစေချင်တယ်။ ပြီးတော့...
မိန်းမတွေရဲ့ လျှို့ဝှက်ပစ္စည်းကို မြင်ရတဲ့သူဖြစ်ချင်တယ်""
""ဖြစ်စေရပါမယ်"" လို့ အာလာဒင်ကပြောပြီးပျောက်သွားတယ်။
မကြာဘူး၊ ကပ္ပလီဟာ အများသုံးရေဆွဲအိမ်သာအဖြစ်ပြောင်းသွားပြီး အမျိုးသမီးသန့်စင်ခန်းထဲကိုရောက်သွားပါတယ်။

ပင်ပန်းတယ်ပြောလို့ပါ

ယောက်ျားဆီကို ထောင်ဝင်စာလာတွေ့တဲ့ မိန်းမက ထောင်မှူးကြီးကိုသွားပြီး မေတ္တာရပ်ခံနေပါတယ်။
""ထောင်မှူးကြီးရှင့်... ကျွန်မရဲ့ယောက်ျားကို ဒီထက်သက်သာတဲ့အလုပ်ကလေးများ မပေးနိုင်ဘူးလားရှင်""
""စာအိတ်ပေါ် တံဆိပ်ကပ်ရတဲ့အလုပ်ထက် သက်သာတာ ဘာရှိမလဲဗျ""
""အဲဒါတော့ဟုတ်ပါတယ်။ ဒါပေမယ့် ညညကျရင် တခြားထောင်ကျတွေနဲ့အတူ မြေအောက်လိုဏ်ခေါင်းတူးရလို့ ပင်ပန်းတယ်ပြောလို့ပါရှင့်""

ကားအနီကြီးဘယ်ရောက်သွားတုန်း

အိမ်တစ်အိမ်မီးလောင်တော့ အိမ်ရှင်က မီးသတ်ဌာနကို အမြန်ဖုန်းဆက်ပါတယ်။
""ဒီကို အမြန်လာပါ။ ကျွန်တော့်အိမ် မီးလောင်နေလို့ပါ""
""အိုကေ"" မီးသတ်ဌာနက ပြန်ပြောတယ်။
""ခင်ဗျားဆီကို ကျွန်တော်တို့ ဘယ်လိုလာရမလဲ""
""ဟင်... ခင်ဗျားတို့ဆီမှာ ကားအနီကြီးတွေရှိသေးတယ်မဟုတ်လား""

သတိပေးခြင်း

ဆိုင်တစ်ဆိုင်ထဲတွင် အလစ်သုတ်သမားများအတွက် သတိပေးချက်ကပ်ထားသည်။
""ဆိုင်အလစ်သုတ်မှုဖြင့်ဖမ်းဆီးခံရပါက အရိုက်အနှက်ခံရမည်။ အချုပ်အနှောင်ခံရမည်။ ညှင်းပန်းနှိပ်စက်ခံရမည်။
ထိုဒဏ်ကိုခံနိုင်သူများသည် ဥပဒေအရထိရောက်စွာအရေးယူခြင်းကို ဆက်လက်ခံရမည်""

ုရန်ဖြစ်ကြတော့မယ်

လူတစ်ယောက် အရက်ဘားမှာ အရက်သောက်နေပါတယ်။ ခဏကြာတော့ တခြားအရက်သမားတစ်ယောက်က ဒယီးဒယိုင်နဲ့
သူ့နားလျှောက်လာပြီး လက်ညိုးထိုးပြီးအော်ပြောလိုက်တယ်။
""မင်းအမေကို..ငါ..xx ++ xx@@@!!""
ဆိုင်ထဲကလူအားလုံးက သတ်ပွဲဖြစ်တော့မယ်လို့မျှော်လင့်လိုက်ကြတယ်။ ဒါပေမယ့်ထိုင်နေတဲ့လူက အဲဒီအရက်သမားကို လျစ်လျူရှုထားပါတယ်။
အဲဒီလူကလည်း ဒယီးဒယိုင်နဲ့ပဲ တစ်ဖက်ပြန်ထွက်သွားပါတယ်။
ဆယ်မိနစ်လောက်ကြာတော့ ပြန်ရောက်လာပြီး ထိုင်နေတဲ့သူကို လက်ညိုးထိုးပြီးထပ်ပြောပါတယ်။
""မင်းအမေကို ငါ.. xx ++ xx@@@!! ""
ထိုင်နေသူကလည်း မကြားချင်ယောင်ဆောင်နေပြန်တယ်။ အရက်မူးသမားထပ်ထွက်သွားတယ်။
ဆယ်မိနစ်လောက်ကြာတော့ ပြန်ရောက်လာတယ်။ အမူးလည်းလွန်နေပြီ။ ထပ်ဆဲတယ်။
""မင်းအမေကို ငါ...xx ++ xx@@@!! ""
နောက်ဆုံးတော့ ထိုင်နေတဲ့လူက နောက်လှည့်ပြီး တုန့်ပြန်လိုက်ရပါတော့တယ်။
""အိမ်ကိုပြန်ပါတော့ အဖေရာ... အဖေ တော်တော်မူးနေပြီ""

ပြင်ပြောလိုက်ပြီနော်


အရာရှိ။    ။ ရဲဘော်... မင်းမှာ အကြွေနှစ်ရာရှိလား။
ရဲဘော်။    ။ ရှိတာပေါ့သူငယ်ချင်း။
အရာရှိ။    ။ အရာရှိတစ်ယောက်ကို ဒီလိုမပြောရဘူးကွ။ ပြန်ပြင်ပြောစမ်း။ မင်းမှာငွေအကြွေနှစ်ရာရှိလား။
ရဲဘော်။    ။ ဟင့်အင်း။ မရှိပါဘူးဆရာ။

အချစ်ရှာသောအမျိုးသမီး

တစ်နေ့မှာ အမျိုးသမီးတစ်ယောက်ဟာ သူမွေးထားတဲ့ကြောင်တစ်ကောင်ပျောက်သွားပါတယ်။ အဲဒီကြောင်ကို သူမက ချစ်စနိုးနဲ့"အချစ်"လို့ခေါ်တယ်။
အပြင်မှာက တော်တော်မှောင်နေပါပြီ။ လမ်းပေါ်မှာ သူမရဲ့ကြောင်ရှိလိမ့်မယ်လို့တွေးပြီး အမျိုးသမီးက အနွေးထည်ဝတ်ပြီးအပြင်ထွက်ရှာပါတယ်။
ကင်းလှည့်လာတဲ့ရဲတစ်ယောက်က သူမကို မြင်သွားတယ်။ အဲဒါနဲ့အနားရောက်လာပြီးမေးလိုက်ပါတယ်။
""မင်း ဘာလုပ်နေတာလဲ""
အမျိုးသမီးက ရိုးရိုးသားသားပဲပြန်ဖြေပါတယ်။
""ကျွန်မ အချစ်ကိုရှာနေတာပါ""
ရဲက သူမကို ပြည့်တန်ဆာထင်ပြီး ချက်ချင်းလက်ထိပ်ခတ်လိုက်ပါတယ်။

မှတ်တမ်းတင်ခြင်း

""ခင်ဗျား လူလိမ်"" လို့ ရှေ့နေက ပြိုင်ဖက်ရှေ့နေကို အော်ပြောလိုက်တယ်။
""ခင်ဗျားက လူညာ"" လို့ ပြိုင်ဖက်ရှေ့နေကလည်း ပြန်အော်တာပေါ့။
တရားသူကြီးက စားပွဲကိုတူနဲ့ကျယ်ကျယ်လေးထုပြီး ကြားဝင်ဖြန်ဖြေရှာတယ်။
""ကဲ... အခုဆိုရင် ရှေ့နေနှစ်ယောက်က မိမိတို့အခြေအနေကို အမှန်အတိုင်းမှတ်တမ်းတင် ဖော်ပြခဲ့ကြပြီးပြီမို့
အမှုကို ဆက်လက်စစ်ဆေးကြရအောင်""

အရှောင်အတိမ်းကောင်းတဲ့လူ

အလုပ်လျှောက်လွှာတစ်စောင်ကို လူငယ်လေးတစ်ယောက် ဖြည့်နေပါတယ်။
""သင်အဖမ်းအဆီးခံခဲ့ဖူးပါသလား""ဆိုတဲ့မေးခွန်းကိုရောက်လာတယ်။
သူက""အဖမ်းအဆီးမခံရဖူးပါ""လို့ရေးလိုက်ပါတယ်။
ဒါပေမယ့် နောက်မေးခွန်းကဆက်လာပါတယ်။
""အကယ်၍ အဖမ်းအဆီးခံရပါက အဘယ်ကြောင့်ဖမ်းဆီးခံရသနည်း""လို့မေးထားတာပါ။
ကောင်လေးက မေးခွန်းကို ဒီလိုပြန်ဖြေပါတယ်။
""တစ်ခါမှ မမိသောကြောင့်ဖြစ်ပါသည်""

ဘယ်သူချို့ယွင်းသလဲ

စိတ်ရောဂါကုဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို စမ်းသပ်နေပါတယ်။ ဆရာဝန်က ရုပ်ပုံစစ်ဆေးခြင်းကိုပြုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီး
ပထမဓာတ်ပုံတစ်ပုံကိုထောင်ပြလိုက်တယ်။ ပြီးတော့ လူနာကို ဘာမြင်သလဲလို့မေးတယ်။ လူနာက --
""ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ပန်းခြံထဲမှာ ချစ်တင်းနှီးနှောနေကြတာပါ"" လို့ပြန်ဖြေပါတယ်။
ဆရာဝန်က ဒုတိယဓာတ်ပုံကိုထောင်ပြပြီး ဘာမြင်သလဲလို့မေးတယ်။
""ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် လှေထဲမှာ ချစ်တင်းနှီးနှောနေကြတာပါ""
ဆရာဝန်က တတိယဓာတ်ပုံကိုထောင်ပြပါတယ်။ အဲလိုပဲပြန်ဖြေပါတယ်။
ကျန်တဲ့ဓာတ်ပုံတွေကိုလည်း ဒီအတိုင်းပဲဆက်စစ်ဆေးကြည့်ပါတယ်။ လူနာက ပုံတိုင်းမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်တင်းနှီးနှော
နေကြပုံကို တွေ့တယ်လို့ ဖြေပါတယ်။
စမ်းသပ်မှုပြီးဆုံးတဲ့အခါ မှတ်သားချက်တွေကို ငုံ့ကြည့်ပြီး ဆရာဝန်က မှတ်ချက်ချတယ်။
""ခင်ဗျားဟာ လိင်စိတ်ကို အာရုံစွဲလန်းနေတဲ့လူပဲ""
လူနာကလည်း ဒီလိုပြန်ပြောပါတယ်။
""ဆရာကလည်း ညစ်ညမ်းတဲ့ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့လူပါ""

(မောင်ကောင်းထိုက်)
Bookmark and Share

Sunday, April 17, 2011

ခေတ်ပျက်ကြီးကို ၀ပ်ရှော့ပို့လိုက်ပြီ

နိုင်ငံရေးနဲ့ငြိစွန်းတဲ့ကိစ္စတစ်ခုခု ဟမိတိုင်း
လူကြီးတွေက ခေါင်းကိုခါတယ်
လူငယ်တွေက ပုခုံးတွန့်တယ်။

ကြောက်စိတ်ဆိုတာ
ကျနော်တို့ရင်ထဲမှာ
အချိန်အခါမဟုတ် ပေါက်ဖွားလာပြီး
အချိန်လွန်မှ ပြင်မရတော့တဲ့အရာ။

လက်သီးလက်မောင်းတွေ ဖြောင်းဖြောင်းညံ
ကတ္တရာပေါ်ခြေသံတွေ ဗြောင်းဆန်နေစဉ်က
ကျနော်က အမေ့ဝမ်းထဲမှာ....
ပြင်ပကမ္ဘာကို မြင်စအခါတော့မဟုတ်။

အဆိုးရွားဆုံး အရေးအခင်းအပြီးမှာ
ကျနော့်ကိုမွေးပါတယ်...
ခေတ်ပျက်ကြီးမှာ ကျနော်စတင်ရှင်သန်
ဘ၀ကို ခြေကန်ရုန်း
မုန်းတီးစရာလည်း များခဲ့သပေါ့။

ရှစ်လေးလုံးဆိုတာ နားဝင်ခါးခဲ့တဲ့လူငယ်
နှစ်နှစ်ဆယ်အရွယ်မှာ
တစ်ခုသော စက်တင်ဘာကို ဖြတ်သန်းရ။
 
လူတွေက ဘာလို့ဆူပူနေကြတာလဲ
လူတွေက ဘာလို့ လူသတ်နေကြတာလဲ
လူတွေက ဘာလို့ လူအချင်းချင်းညှိမရကြတာလဲ
ဆူးလေလမ်းမပေါ်မှာ ဖိနပ်တွေတွေ့တယ်
လမ်းဘေးပလက်ဖောင်းမှာ သွေးကွက်တွေတွေ့တယ်
လဲနေတဲ့ဝါးလုံးက အလံတိုင်ဖြစ်ခဲ့သလား
အစွန်းကွက်တွေနဲ့ အ၀တ်စက သမိုင်းဖြစ်ခဲ့သလား
မီးခိုးလုံးတွေ မှုန်မှိုင်းလိုက်တာကွယ်။

တစ်ချိန်ချိန်မှာ
ကျနော်တို့သားသမီးတွေက
သူတို့ရဲ့ ကျောင်းစာအုပ်ထဲ
အမည်းစက်မကင်းတဲ့ ပြဌာန်းချက်တွေကို
သင်ကြား ငြင်းခုံကြပါလိမ့်မယ်။
 
ရိပ်သာထဲက သံတိုင်တွေ
သံတိုင်နောက်က လက်ချောင်းတွေ
လက်ချောင်းဖျားက အားမာန်တွေ
အားမာန်ကြားက ရောင်နီတွေ
ဟိုးအဝေးဆီမှာ ဘာတွေရှိသလဲ အချစ်ရယ်။

အခုချိန်
နိုင်ငံတော်အသစ်
အလံအသစ်
Brand အသစ်
ကွန်ဒုံးအသစ်
ကွန်နက်ရှင်အသစ်
............အသစ်
အသစ်တွေကို ကျနော်တို့ လိုအပ်ဆဲ။

ကိုယ့်မှတ်တိုင်ကိုယ်ထမ်း
ကိုယ့်သချုင်္ိင်းကိုယ်လှမ်း
ကိုယ့်အသက်ကိုယ် ပြန် ပြန် စမ်းရင်း
အလင်းရောင်နဲ့အတူ ချိုးငှက်တို့တေးသီပါစေ
ငြိမ်းချမ်းရေးကို ကျနော်တို့ သဲ့သဲ့ရွတ်ကြရ။

ခက်ပါတယ်ကောလေ...
လူတွေကလည်း လူတွေပဲ
ကမ္ဘာကြီးကလည်း ကမ္ဘာကြီးပဲ
လူတွေရော ကမ္ဘာကြီးရော ဖောက်ပြန်နေကြတော့
ကျနော်တို့က ဘယ်ချောင်နားမှာ မျက်ရည်သွားကျရမလဲ။

နိုင်ငံတော်သမ္မတကြီးဟာ လူထုရှေ့မှာ မိန့်ခွန်းပြောတယ်
အသက်နှစ်ဆယ်ကျော်လူငယ်အဖို့ ထူးဆန်းနေပေါ့
လွှတ်တော်အဆောက်အအုံကြီးဟာ
ကျောက်စိမ်းသားတွေတလက်လက်နဲ့
ပြည်သူပြည်သားတွေက မျှော်လင့်ချက်တွေတလက်လက်နဲ့
အလံတော်တလူလူအောက်က
ခေါင်းပေါင်းစတလူလူတွေကို ငေးမောနေကြ
ကျနော်တို့ဘ၀တွေ လှပပါစေ။

အောင်မြင်ပါစေ...မြန်မာပြည်
သာယာပါစေ... မြန်မာပြည်.... တဲ့
ရုပ်သံတွေကလွှင့်ထုတ်နေတယ်
ပေးတဲ့ဆုနဲ့ပြည့်ပါစေပေါ့
ဒီလိုပဲ ပြန်ပြောလိုက်ပါတယ်။

မိငယ်ရေ....
သံလွှင်ခက်တွေချိုးခဲ့တော့ကွယ်
ရောင်နီဦးမှာ နိုင်ငံတော်သီချင်းဆိုကြမယ်
""နိုင်ငံတစ်နိုင်ငံဟာ သူနဲ့ထိုက်တန်တဲ့အစိုးရကိုပဲရတယ်""တဲ့
အစိုးရကောင်းဖို့ချည်းပဲမဟုတ်ဘဲ
ငါတို့ကလည်းကောင်းဖို့လိုအပ်တယ်
..... ထင်တာပါပဲ။

ခုတော့လည်း
နိုင်ငံရေးနဲ့ငြိစွန်းတဲ့ကိစ္စတစ်ခုခု ဟမိတိုင်း
လူကြီးတွေက ခေါင်းကိုခါရဲ့
လူငယ်တွေက ပုခုံးတွန့်ရဲ့။
 
အဲဒီလိုခေတ်ပျက်ကြီးထဲ
ကျနော် ခပ်ရိုင်းရိုင်းပဲ ရှင်သန်ခဲ့ပါတယ်။

ဥက္ကာကိုကို
16.4.2011

Bookmark and Share

သင်္ကြန်တွင်းမှာဖတ်မိတဲ့ ဟာသလေးတွေ

နတ်မိမယ်

""မေမေ... နတ်မိမယ်ဆိုတာ ဘာလဲဟင်""
""နတ်မိမယ်ဆိုတာ လူနဲ့တူတဲ့ အမျိုးပေါ့။ သူကကောင်းကင်မှာပျံတတ်တယ်ကွယ့်"
"
""မမှန်ဘူး""
""ဘာလို့လဲ""
""မနေ့က ဘေးခန်းကအန်တီကို ဖေဖေက ဖင်ကိုလက်နဲ့ပုတ်ပြီး မင်းဟာနတ်မိမယ်ပဲလို့ပြောတယ်ဂျ။ သူကပျံမှမပျံတတ်တာ""

သက်သာလာပြီ

""ကိုယ့်ကိုယ်ကိုယ် ၁၄ ယောက်မြောက်ဂျော့ဘုရင်လို့ပြောတဲ့ လူနာ အခြအနေဘယ်လိုလဲဟေ့""
""နည်းနည်းသက်သာလာတယ်ထင်တယ်ဆရာ။ ဒီနေ့ သူ့ကိုယ်သူ ၁၃ ယောက်မြောက်လို့ပဲပြောတော့တယ်""

ရှာနေတုန်းပဲ

ကမ်ပနီတစ်ခုကို လူတစ်ဦးအလုပ်လာလျှောက်တယ်။
""လူကြီးမင်းတို့ ကုမ္ပဏီက ငွေကိုင်စာရေးအသစ်ရှာနေတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ""
မန်နေဂျာက ဒေါသတကြီးပြန်ပြောတယ်။
""ဟုတ်တယ်။ အဟောင်းကိုလည်း ရှာနေတုန်းပဲ""

အကျင့်

""ဟိုငနဲက ဘာဖြစ်လို့ ကပွဲတစ်ခုပြီးတိုင်း သူနဲ့တွဲကတဲ့မိန်းကရဲ့ ဖင်ကို လက်နဲ့ပွတ်ရတာလဲကွ""
""အော်.. ဒါလား... ဒီငနဲက နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာလေ။ ဘာလုပ်လုပ် သူ့ရဲ့လက်ဗွေရာမကျန်အောင် သုတ်ပစ်တဲ့အကျင့်ပါနေတာ""

ဆက်စပ်မှု

""ဟေ့.. မင်းရဲ့နှဲကြီးကိုရောင်းလိုက်တယ်ဆို။ ဘာဖြစ်လို့လဲ""
"" အင်း... ဘေးခန်းကလူ ဟိုတလောက သေနတ်ဝယ်လိုက်တယ်ကြားလို့ပါ""

တစ်ယောက်စာလျှော့

ကပ်စေးနဲတစ်ယောက် အိမ်ခေါင်မိုးတက်ပြင်ရာက ရုတ်တရက်ခြေချော်ပြီး ခေါင်မိုးပေါ်ကပြုတ်ကျတယ်။ မီးဖိုချောင် ပြတင်းကိုဖြတ်ကျစဉ်မှာ -
""မိန်းမရေ... တစ်ယောက်စာလျှော့ချက်ဟေ့""လို့ လှမ်းအော်သွားလေရဲ့။

ရေသန့်ဘူးတွေ၊ ခဲတွေ မပစ်နိုင်အောင်

စတိတ်ရှိုးတစ်ခုမှာ အဖေကို သားလေးက မေးတယ်။
""ဖေဖေ... အဆိုတော်က ဘာဖြစ်လို့ သီချင်းဆိုတဲ့အခါ လှုပ်ရှားနေတာလဲဟင်""
""လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ရတာ ခက်တယ်လေ""

အကျင့်ပါနေလို့

သာသနာပြုဘုန်းကြီးတစ်ပါး တောလမ်းခရီးထွက်လာတော့ ခြင်္သေ့နှင့်တွေ့တယ်။ ဘုန်းကြီးကကြောက်ကြောက်နဲ့ ဒူးတုန်ပြီး ဘုရားသခင်ထံတိုင်တည်ရှိခိုးတာပေါ့။
ခြင်္သေ့ကလည်း သူ့လိုပဲလိုက်ရှိခိုးတယ်။
""ခြင်္သေ့... မင်းလည်း  ခရစ်ယာန်ဘာသာဝင်လားဟင်""
""ဟေ့အေး... မဟုတ်ဘူး။ စားကောင်းသောက်ကောင်းတွေတဲ့အခါ ဘုရားရှိခိုးတာ အကျင့်ပါနေလို့ပါ..ဝေါင်း""

အစပိုင်းမှာဒီလိုပဲ

ခွေးလေးကို နောက်ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်တတ်အောင်မိန်းမဖြစ်သူက သင်နေတယ်။ ယောက်ျားက ကြည့်ပြီးဝင်ပြောတယ်။
""ဟေ့... ကြိုးစားနေလို့အပိုပဲ။ ဒီခွေးက ခေါင်းမာတဲ့အကောင်။ လိုက်လုပ်မှာမဟုတ်ဘူး""
မိန်းမကပြန်ပြောတယ်။
""ရှင်ဘာမှဝင်မစွက်ပါနဲ့။ ရှင်လည်း အစတုန်းက ကျွန်မစကားကို ဘယ်တုန်းကနားထောင်ဖူးလို့လဲ""။

အပြေးမြန်တဲ့သက်သေ

တရားသူကြီး - ""ပထမဆုံးသေနတ်သံကို ဘယ်နားလောက်က ခင်ဗျားကြားရလဲ""
သက်သေ - ""လေးမီတာအကွာကဖြစ်ပါတယ်""
တရားသူကြီး - "" နောက်သေနတ်သံတွေကိုရော""
သက်သေ - ""အိမ်ခြေ 20 အကျော်လောက်ကျမှပါ""

ကျေးဇူးပဲ

ကိုမြက ကပ်ရပ်ခြံမှာနေတဲ့ ကိုဘကို လှမ်းအော်ပြောလိုက်တယ်။
""ဟေ့...ကိုဘ... ခင်ဗျားခွေးက ကျုပ်ကြက်ဖကို ကိုက်စားလိုက်ပြီဗျ""
""ခင်ဗျား သတင်းပေးတာ ကျေးဇူးပဲ ကိုမြ။ ဒီကောင့်ကို ညနေစာကျွေးစရာမလိုတော့ဘူး""

ရှေးခေတ်က ကားနံပတ်

ပြတိုက်ထဲကို မူးနေတဲ့လူနှစ်ယောက်ဝင်လာတယ်။
ဆေးစီရင်ထားတဲ့ မံမီအလောင်းကောင်တစ်ခုအောက်မှာ BC-6512 လို့ရေးထားတာကိုတွေ့တာကြောင့်
တစ်ယောက်က နောက်တစ်ယောက်ကို မေးတယ်။
""ဒီဂဏန်းက ဘာကိုဆိုလိုတာလဲဗျ""
""သူ့ကိုတိုက်သတ်သွားတဲ့ ကားနံပတ်ဖြစ်မယ်ထင်တယ်""

ခွေးစိတ်ဆိုးသွားမလား


ခြောက်နှစ်သမီးလေးကိုလက်ဆွဲပြီး မိန်းမတစ်ယောက်လမ်းလျှောက်ထွက်လာတယ်။
လမ်းမှာ အင်းခွေးကြီးတစ်ကောင်လာနေတာကိုတွေ့တော့ သမီးလေးကပြောတယ်။
""မေမေ... ရှေ့ကခွေးကြီးက သမ္မတကြီးနဲ့တူလိုက်တာနော်""
""ဟဲ့... သမီး.. ရှူး.တိုးတိုး ဒီလိုမပြောရဘူး""
""ဟင်... သမီးပြောတာကို ခွေးကြီးကြားသွားတယ် ထင်လို့လားဟင်""

ပိုကောင်းတယ်

ကားမှတ်တိုင်မှာကားစောင့်နေတဲ့ လူကြီးတစ်ယောက်နားကို လူတစ်ယောက်ကပ်လာတယ်။
""ဘတ်စ်ကားစီးဖို့ပိုက်ဆံမရှိလို့ပါဗျာ။ ကျွန်တော့်ကို တစ်ရာလောက်မစခဲ့ပါ""
""ဆောရီးကွာ။ ငါ့မှာအကြွေမရှိဘူး။ ငါးထောင်တန်ပဲရှိတယ်""
""ကိစ္စမရှိပါဘူး။ ဒါဆို ကျွန်တော် တက္ကစီစီးလို့ရတာပေါ့""

လမ်းမှန်

တော်တော်လေးအရက်မူးနေတဲ့လူတစ်ယောက် လိုင်းကားပေါ်တက်လာတယ်။ ဒယိမ်းဒယိုင်နဲ့။ အရက်နံ့တွေ တထောင်းထောင်းဝေလို့ပေါ့။
ခုံမှာထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးက မနေနိုင်မထိုင်နိုင် လှမ်းဆုံးမတယ်။
""ဒကာကြီး.... ဒကာခုသွားနေတဲ့လမ်းဟာ ငရဲကိုရောက်မှာပဲ""
""ဟင်... ဘယ်လို..ဘယ်လို... ဟာကွာ... ငါ ကားမှားစီးမိပြန်ပြီ...တောက်""

တရားခံ

ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားတဲ့လူနာတစ်ယောက်နဲ့ပတ်သက်ပြီး သေစာရင်းကို ဆရာဝန်က ဖြည့်စွက်နေပါတယ်။
သေဆုံးရခြင်းအကြောင်းရင်း ဆိုတဲ့ကွက်လပ်ကိုရောက်တော့ ဆရာဝန်က သူ့နာမည်ကို ရေးလိုက်သတဲ့။

ကြော်ငြာ


""ကြော်ငြာဆိုတာ သိပ်အရေးကြီးတယ်""
""ဘယ်လိုသက်သေပြမလဲ""
""ကြက်ဥ ဥတာပဲကြည့်လေ။ ကြက်မတွေဟာ ဥတစ်ခါဥပြီးတိုင်း ကတော်..ကတော်နဲ့ အသံပေးတယ်။ ဘဲမကတော့
တိတ်တိတ်ကလေးဥတယ်။ ဒါကြောင့် ကြက်ဥက ဘဲဥထက်ပိုအရောင်းသွက်တယ်""
""အွန်""

နမူနာ

ဆယ်နှစ်သားကောင်လေးကို အမေလုပ်သူက ဆူပူနေတယ်။
""ဟင်.. ဘယ်လောက်ရှက်စရာကောင်းသလဲ။ အတန်းထဲမှာ ပြောဆိုဆုံးမလို့မရဆုံးကလေးဟာ မင်းပဲဆိုပြီး
ဆရာမကလာတိုင်တယ်။ မင်းအနေနဲ့ ကိုယ့်အဖေဆီက နမူနာယူသင့်တယ်""
""ဟင်.. အဖေကဆိုးလွန်းလို့ ထောင်ကျနေတယ်မဟုတ်လား""
""ဟဲ့.. သူက အခုထောင်ထဲမှာ လိမ်လိမ်မာမာနေလို့ လျှော့ရက်နဲ့လွတ်တော့မှာဟဲ့""

မကြာစေရဘူး စိတ်ချ


ဖောက်ထွင်းရေးသမားတစ်ယောက်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တခြားဖောက်ထွင်းရေးသမားတစ်ယောက်ကို ဒီလိုပြောလိုက်တယ်။
""သူငယ်ချင်း... ဘဏ်တွေပိတ်ချိန်အထိ ငါ့ကို ငွေတစ်ထောင်လောက် ခဏချေးပါလား""

လျှို့ဝှက်ချက်

""တရားခံ... နိုင်ငံတော်ဗဟိုဘဏ်ကိုဖောက်ထွင်းမယ့် မင်းရဲ့အကြံအစည်ကို အမှန်အတိုင်းနဲ့အပြည့်အစုံ ရုံးတော်ကိုပြောပြပါ""
""ဟင့်အင်း... မပြောပါရစေနဲ့။ ဒီတရားရုံးထဲမှာ ကျနော့်ရဲ့ပြိုင်ဖက်တွေ အများကြီးရောက်နေလို့ပါ""

ကျနော့်ကိုကြိုက်ကြတယ်


အလုပ်ရှင်။ ။ ခင်ဗျားရဲ့လျှောက်လွှာထဲမှာပါတဲ့ ကိုယ်ရေးအကျဉ်းအရ တစ်နှစ်အတွင်းမှာ အလုပ် ၁၄ နေရာကို ခင်ဗျားပြောင်းလုပ်ခဲ့တယ်နော်။
အလုပ်လျှောက်သူ။ ။ မှန်ပါတယ်ခင်ဗျ။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အလုပ်ဌာနအများအပြားက ကျနော့်ကိုကြိုက်ကြတယ်ဆိုတာ ပေါ်လွှင်နေပါတယ်။

ရှေ့နေကောင်း

""အဲဒီရှေ့ကလူက ရှေ့နေလေ။ သိပ်တော်တဲ့လူ။ လျှပ်စစ်ကုလားထိုင်နဲ့ သေမိန့်ကျခဲ့တဲ့ သူ့အမှုသည်တစ်ယောက်အတွက် သူလိုချင်တာကို ရအောင်လျှောက်လဲနိုင်ခဲ့တယ်""
""ဘာလဲ... တရားခံကို ကွင်းလုံးကျွတ်လွှတ်လိုက်သလား""
""မဟုတ်ဘူး။ လျှပ်စစ်ဓာတ်အားကို လျှော့လွှတ်ပေးဖို့ အောင်အောင်မြင်မြင်လျှောက်လဲနိုင်ခဲ့တယ်လေ""

မသင်္ကာဘူး

""ဟေ့..တပ်ကြပ်ကြီး။ တပ်သားမောင်အေးရဲ့ ကိုယ်ရေးရာဇ၀င်မှတ်တမ်းစာအုပ်ယူခဲ့စမ်း""
""ကိစ္စအထွေအထူးရှိလို့လား ဗိုလ်ကြီး""
""အေး... သေနတ်ပစ်လေ့ကျင့်ပြီးတိုင်း သေနတ်ပေါ်က လက်ဗွေရာတွေပျက်အောင် ဒီကောင် သေချာသုတ် သုတ်ပစ်တာတွေ့တယ်။ သိပ်ပြီး မသင်္ကာချင်တော့ဘူး""

ပိုက်စိပ်တိုက်ရှာကြတယ်

အချိန်အခါမဟုတ် အုပ်စုလိုက် စပါးရိတ်နေကြသူတွေကိုကြည့်ပြီး သတင်းထောက်က စုပေါင်းလယ်ယာဥက္ကဌကြီးကို မေးနေတယ်။
""ဥက္ကဌကြီး.. ဒီနှစ်စပါးရိတ်တာစောလှချည်လား""
စုပေါင်းလယ်ယာဥက္ကဌကြီးက ချွေးတွေသုတ်ရင်းပြန်ပြောတယ်။
""မတတ်နိုင်ဘူးဗျာ။ မနေ့က ငါးလုပ်ငန်းအသင်းနဲ့အရေးကြီးတဲ့ ဘောလုံးပြိုင်ပွဲရှိခဲ့တယ်။ အဲ့ပွဲမှာ ကျနော်တို့ စုပေါင်းလယ်ယာအသင်းက ရှုံးသွားတယ်ဗျာ။
ပွဲပြီးတာနဲ့ ဒိုင်လုပ်တဲ့ကောင်က စပါးခင်းထဲဝင်ပုန်းတယ်လေ.. အဲဒါကြောင့်ပါ""

မစိုးရိမ္ဘူး

""ဟေ့... ဘစိန်... မင်းထောင်ကျနေတုန်း မင်းမိန်းမဖောက်ပြန်မှာကိုမစိုးရိမ်ဘူးလား""
""အဲဒါတော့ လုံးဝကိုမစိုးရိမ်ဘူးငါ့လူ။ ဘာလို့လဲဆိုတော့....
တစ်အချက်- သူက ငါ့ကိုသိပ်ချစ်တယ်။
နှစ်အချက်- သူက မိကောင်းဖခင်သားသမီး။
သုံးအချက်- အခု သူလဲထောင်ကျနေတယ်""

တည့်သွားကြပြီထင်လို့


""၀မ်းသာတယ်သူငယ်ချင်း။ မင်းတို့လင်မယား ပြန်ပေါင်းနေကြပြီမဟုတ်လား။ မင်းတို့နှစ်ယောက်အတူတူထင်းခွဲနေတာတွေ့လိုက်တယ်""
""တောက်... ထင်းမဟုတ်ဘူးကွ။ အိမ်ထောင်ပရိဘောဂတွေ.. ဂီးးး""

စိတ်ဝင်စားစရာ


မျောက်တစ်ကောင်ကိုချီပြီး လူတစ်ယောက်လမ်းလျှောက်လာတယ်။ လမ်းမှာ ရဲတစ်ယောက်ကိုတွေ့တော့ သူကမေးလိုက်တယ်။
""ကျေးဇူးပြုပြီး မျောက်ကို ဘယ်ပို့ရင်ကောင်းမလဲဆိုတာ အကြံပေးစမ်းပါဗျာ""
""တိရိစ္ဆာန်ရုံပို့လိုက်ပေါ့ဗျာ""
နောက်တစ်နေ့မှာလည်း မျောက်ကိုချီပြီးလမ်းလျှောက်လာတဲ့အဲ့ဒီလူကို ရဲသားက တွေ့ပြန်ရော။
""ဘယ်လိုလဲဗျ... တိရိစ္ဆာန်ရုံရောက်ခဲ့ရဲ့လား""
""ဟုတ်ကဲ့... သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ ဒီနေ့ သူ့ကိုရုပ်ရှင်လိုက်ပြမလို့လေ""

အပြန်အလှန်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီအမတ်က ပြည်ခိုင်ဖြိုးပါတီအမတ်ကို ဒီလိုပြောလိုက်တယ်။
""ကျနော်တို့တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စွပ်စွဲတိုက်ခိုက်နေတာတွေ ရပ်လိုက်ကြရအောင်။ ခင်ဗျားရော ကျနော်ပါအကျိုးယုတ်တယ်ဗျာ။
အဲဒီတော့ ဒီလိုလုပ်ပါ။ ခင်ဗျားက ကျနော့်ကို မဟုတ်တမ်းတရားစွပ်စွဲပြောဆိုနေတာတွေရပ်လိုက်ပါ။
ကျနော်ကလည်း ခင်ဗျားအကြောင်း အမှန်တွေချည်းပြောတာတွေကို ရပ်လိုက်တော့မယ်""

ငါမဟုတ်ဘူးထင်တယ်


သစ်ခုတ်သမားနှစ်ယောက်က အိမ်တစ်အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။
""နေကောင်းရဲ့လားဟေ့... မောင်ဥက္ကာ""
""ကောင်းတယ်.. သူငယ်ချင်းတို့""
""ငါတို့နှစ်ယောက် ခုပဲတောထဲမှာ လူသေအလောင်းတစ်လောင်းလှမ်းမြင်ခဲ့တယ်။ ငါတို့ကသေတဲ့လူဟာ မင်းထင်လို့စိုးရိမ်ပြီးလာကြည့်တာ""
""သူ့ပုံစံက ဘယ်လိုမျိုးလဲ""
""အရပ်အမောင်းက မင်းအရွယ်ပဲ""
""အင်္ကျီအနီရောင်နဲ့လား""
""မဟုတ်ဘူး။ အညိုရောင်""
""ဒါဆိုရင် ငါမဟုတ်ဘူး""

ပြိုင်မြင်းမကလေး


အလုပ်ကပြန်လာတဲ့ ယောက်ျားကို မိန်းမက ဆီးပြီးစစ်ဆေးတယ်။
""ခင်ခင်ဆိုတာ ဘယ်သူလဲ။ ရှင်မှန်မှန်ပြောစမ်း""
""အော်.. ဒါလား... လွန်ခဲ့တဲ့အပတ်က မြင်းပြိုင်ပွဲမှာ ငါလောင်းခဲ့တဲ့ပြိုင်မြင်းမကလေးလေ""
""အေး.. ဟုတ်ပီ။ အဲဒီပြိုင်မြင်းမကလေးက ဒီညရှစ်နာရီ ရုပ်ရှင်ရုံရှေ့မှာ ရှင့်ကိုစောင့်နေမယ်တဲ့။ ဖုန်းလှမ်းဆက်တယ်။ ကြွချီတော်မူ။ သေချင်းဆိုးကြီး""

စိတ်မဆိုးနဲ့တော့နော်


သူငယ်တန်းကျောင်းသားလေးမောင်ဥက္ကာဟာအရမ်းရိုင်းစိုင်းတယ်။ သူဟာ အတန်းပိုင်ဆရာမကို "နင်" "ငါ" စတဲ့အသုံးအနှုန်းမျိုးနဲ့စကားပြောလေ့ရှိတယ်။
တစ်နေ့မှာတော့ ဆရာမက ပြစ်ဒဏ်ပေးတဲ့အနေနဲ့"ဆရာမ"   "ကျွန်တော်"  ဆိုတဲ့စာလုံးတွေကို အကြိမ်တစ်ရာတိတိ မောင်ဥက္ကာလေးကိုရေးခိုင်းလိုက်တယ်။
နောက်ဆို ယဉ်ကျေးသိမ်မွေ့စွာပြောဆိုရမယ်ဆိုတာကို မောင်ဥက္ကာသိလောက်ပြီထင်တဲ့အချိန်မှာ ဆရာမကပြောတယ်။
""မင်းအပြစ်ကို မင်းသိပြီမဟုတ်လား""
""ဟုတ်တယ်။ နောက် ငါ့ကို နင် စိတ်မဆိုးနဲ့တော့နော်""

ဖြတ်ထိုးဥာဏ်

မူလတန်း စာသင်ခန်းထဲမှာဖြစ်သည်။
""ကလေးတို့ရေ... လူတစ်ယောက်ဟာ မျက်စိတစ်ဖက်က အားနည်းနေရင် အခြားတစ်ဖက်က မြင်နိုင်စွမ်းအားပိုကောင်းလေ့ရှိတယ်ကွယ့်။
အဲဒါနဲ့ဆင်တူတဲ့ဥပမာမျိုး ဘယ်သူများပေးနိုင်သလဲကွယ်""
ဇာတ်လိုက်ကျော်မောင်ဥက္ကာထလာသည်။
""ကျနော်ပြောနိုင်ပါတယ်ဆရာမ""
""ဟုတ်ပြီ...ဆိုစမ်းပါဦး""
""လူတစ်ယောက်ဟာ ခြေတစ်ဖက်က တိုနေရင် အခြားခြေတစ်ဖက်က ရှည်နေလေ့ရှိပါတယ်""


သူ့ထက်သူ

ချာတိတ်နှစ်ကောင် စကားနိုင်လုနေကြတာပါ။
""ငါ့အဖေက မင်းအဖေထက်ပိုချမ်းသာတယ်ကွ""
""ဟားဟား... ငါ့အဖေက မင်းအဖေထက်ပိုပြီး ဥာဏ်ရှိတယ်ကွ""
""ငါ့အဖေက မင်းအဖေကို ငွေတွေအများကြီးချေးခဲ့တာကွ""
""ဟားဟား...ငါ့အဖေကလည်း ဒီငွေတွေကို ဘယ်တော့မှ ပြန်ဆပ်မှာမဟုတ်ဘူးကွ""

ဆရာမနှင့်သူ၏တပည့်ကျော်များ

အတန်းပိုင်ဆရာမတစ်ယောက်ဟာ သူ့ရဲ့အတန်းသားတွေအကြောင်းကို မိဘဆရာအသင်းအစည်းအဝေးမှာ ဆွေးနွေးပါတယ်။ ဒီလိုလေးပါ။
"" အကယ်၍သာ နောက်ဆုံးတန်းမှာဆော့နေတဲ့ကျောင်းသားတွေက အလယ်တန်းမှာကာတွန်းဖတ်နေတဲ့ကျောင်းသားတွေလို
အသံမထွက်ဘဲ ငြိမ်နေကြမယ်ဆိုရင် ရှေ့ဆုံးတန်းကကလေးတွေဟာ အနှောက်အယှက်ကင်းစွာ အိပ်နိုင်ကြမှာဖြစ်ပါတယ်ရှင့်""

မစဉ်းစားတတ်တော့ဘူး

တရားခွင်တစ်ခုမှာပေါ့။
""သူများအိမ်ထဲကို ညအချိန်မတော် ဘာကြောင့်ဝင်ခိုးဖို့ကြိုးစားရတာလဲမောင်မင်း""
""ခွင့်လွှတ်ပါတရားသူကြီးမင်းခင်ဗျာ။ အရင်တစ်ခါ ကျွန်တော့်အမှုကိုစစ်တုန်းက
တရားသူကြီးမင်းကိုယ်တိုင်ပဲ နေ့ခင်းကြောင်တောင် မင်းဘာဖြစ်လို့ခိုးဖို့ကြိုးစားသလဲလို့ မေးဖူးပါတယ်။
ကျွန်တော် ဘယ်အချိန်ကျမှ ခိုးရတော့မှာလဲဟင်""

သိပါတယ်


ဘုရားရှိခိုးကျောင်းဝန်ထမ်းက တရားဟောနေတဲ့ဘုန်းတော်ကြီးနားကိုကပ်သွားပြီး တိုးတိုးလေးပြောလိုက်တယ်။
""ဟိုဖက်ခန်းမှာ ပိုကာဝိုင်းစနေပြီ""
""သိပါတယ်။ တရားဟောပြီးရင်လာခဲ့မယ်""

မှတ်တမ်း

စာရေးက မန်နေဂျာကိုပြောတယ်။
""ဆရာ... ရုံးကဗီရိုတွေအားလုံး စာရွက်စာတမ်းတွေနဲ့ပြည့်ကျပ်ကုန်ပြီ။ နေရာလွတ်ရအောင် ခြောက်နှစ်သက်တမ်းရှိတဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးပစ်ရင် မကောင်းဘူးလားဆရာ""
""ခွင့်ပြုတယ်။ ဒါပေမယ့် မီးမရှို့ခင် ကော်ပီတော့ ကူးထားဦး""

ဆန့်ကျင်ဘက်


""မောင်ဥက္ကာရေ... ကိုယ်တော့ ကော်ဖီသောက်ပြီးရင် အိပ်လို့မရတော့ဘူး""
""အဲဒါ ကျနော်နဲ့မတူတာပဲ။ ကျနော်က အိပ်နေတုန်းဆိုရင် ကော်ဖီသောက်လို့မရဘူး""

ဂုဏ်ယူဖွယ်

ထောင်သို့လေ့လာရေးရောက်လာသော သတင်းစာဆရာများအား ထောင်ပိုင်က ရှင်းပြနေသည်။
""ဒီအချုပ်ခန်းထဲမှာတော့ ကျွန်တော်တို့အားလုံးဂုဏ်ယူကြရမယ့်အကျဉ်းသားကတော့ အခု လူကြီးမင်းတို့မြင်ကြရတဲ့ ဂျက်ဆိုသူပါပဲ။
သူထောင်ကျစက လုံးဝစာမရေးတတ်၊ မဖတ်တတ်ခဲ့ပါဘူး။ ဟော... ကျနော်တို့သင်ပေးလိုက်တာ ခုဆိုစာချုပ်စာတမ်းတွေကိုတောင် အတုလုပ်ရေးတတ်နေပြီလေ""

သူကရိုးသားပါတယ်

ထောင်ပိုင်ကြီး။ ။ အကျဉ်းသားအမှတ် ၃၈ ဟာ ဘယ်လိုနည်းနဲ့ထွက်ပြေးသွားတာလဲ။
ထောင်မှူးလေး။ ။ သူ့ဆီမှာရှိတဲ့ အချုပ်ခန်းသော့နဲ့ဖွင့်ပြီး ထွက်ပြေးသွားတာပါဆရာ။
ထောင်ပိုင်ကြီး။ ။ သော့ကို သူဘယ်လိုခိုးသွားသလဲ။
ထောင်မှူးလေး။ ။ သူမခိုးပါဘူး။ ကျနော်နဲ့ရိုးရိုးသားသားဖဲကစားရင်း သူနိုင်လို့ရသွားတာပါ။
Bookmark and Share

Wednesday, April 6, 2011

နှစ်သစ်အတွက်ဗေဒင်ပညာရှင်များ၏ဟောကိန်း

ဥက္ကာကိုကို၊သဇင်ထွေး
ရန်ကုန်၊ ဧပြီ-၂
မြန်မာသက္ကရာဇ် ၁၃၇၂ခု နှစ်ကုန်ဆုံးပြီး နှစ်သစ်ကူးဖြစ်သည့် ၁၃၇၃
ခုနှစ်အတွက် မြန်မာ့ရိုးရာ ဗေဒင်ဆိုင်ရာဟောပြောချက်များ နှင့်
နက္ခတ်ပညာရပ်၊ ဝေဒပညာ ရပ်တို့ဖြင့် မြန်မာနိုင်ငံ၏ စီးပွား ရေး ၊လူမှုရေး၊
နိုင်ငံရေး၊ ပညာ ရေး၊ ကျန်းမာရေးဆိုင်ရာ အကောင်းအဆိုး မည်ကဲ့သို့ဖြစ် ပေါ်
နိုင်မည်ကို ပညာရှင်များဖြစ် ကြသော ဆရာဒေ၀၊ ဆရာမ ဒေါက်တာစောယု နွယ်၊
ဆရာဦး ဇေယျာကို၊ ဆရာဇင်ယော်နီတို့ထံ ဆက်သွယ်မေးမြန်းထားပါသည်။
အဆိုပါဗေဒင်ပညာရှင် များ အနေဖြင့် မြန်မာနိုင်ငံသည် နှစ်သစ်ကူးမှစတင်ကာ
ကောင်း သောပြောင်းလဲတိုးတက်မှုများကို ကြုံရလိမ့်မည်ဖြစ်ကြောင်း တညီ
တညွှတ်တည်းဟောကြသည်။
အသစ်တက်လာသော အ စိုးရသစ်အနေနှင့်လည်း ယခင် အစိုးရထက်သာအောင် နိုင်ငံ့
ကောင်းကျိုးအား မျှတစွာထမ်း ဆောင်သယ်ပိုးနိုင်လိမ့်မည်ဖြစ်
ကြောင်းသိရသည်။
လာမည့်ဧပြီလနှောင်းပိုင်း နှင့် မေလတို့ တွင် ယခင်နှစ်က
စံချိန်ချိုးခဲ့သော အပူရှိန်ထက်ပင် ပိုမိုပူပြင်းမည်ဖြစ်သည်ဟုလည်း
ဟောကိန်းထုတ်ကြသည်။
ပြီးခဲ့သည့် မတ်လ ၃၀ရက် နေ့က အစိုးရသစ်ဖွဲ့စည်းသည့်ဇာ တာသည်
အကောင်းဆုံးနက္ခတ် အချိန်ကောင်းများဖြင့်ဆောင် ရွက် ထားပြီး အစိုးရသစ်
ကျမ်းကျိန်ဆို သည့်အချိန်မှာလည်း မေထုန်လဂ်ွတွင်တည်ရှိသောကြောင့် တာဝန်
ယူလိုက်သည့်အစိုးရသည် ယခင် နှင့်မတူဘဲ တိုင်းပြည်နှင့်လူမျိုး အပေါ်
မျှမျှတတ အုပ်ချုပ်စီမံ သွားလိမ့်မည်ဟု နက္ခတ်အရ သုံးသပ်ကြောင်း
နက္ခတ်သိပံ္ပအဖွဲ့ မှ အမှုဆောင်အရာရှိချုပ် ဦးဇေ ယျာကိုက ဟောသည်။
ဘုန်းတန်ခိုးသြဇာကြီးမား သောအစိုးရသစ်ဖြစ်လာမည်ဖြစ် ကာ
ဝန်ထမ်းများအတွက်လည်း ရာထူးအခွင့်အရေးကောင်းများ
ပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်း ဆရာဇင်ယော်နီက ဟောကိန်း
ထုတ်ထားသည်။အထူးခြားဆုံးဖြစ်လာမည့် အရာများမှာ သံတမန်ရေးရာများ
လမ်းပွင့်ခြင်း၊ စီးပွားရေးပိတ်ဆို့ ထားမှုများ ပြန်လည်ပွင့်လမ်းလာ
ခြင်းအနေအထားများဖြစ်ပြီး တစ်နှစ်အတွင်း ဖြစ်ပေါ်လာလိမ့်
မည်ဟုဦးဇေယျာကိုကဆက်ဟော သည်။
၁၃၇၃ ခုနှစ်တွင် မီး၊ လျှပ် စစ်၊ ဓာတ်ဆီ၊ ဒီဇယ်၊ ထင်းမီးသွေး စသော
လောင်စာနှင့်ပတ်သက် သည့် အလုပ်များ အထူးဖြစ်ထွန်း လိမ့်မည်ဖြစ်ကြောင်း
ဆရာ ဇင်ယော်နီကဆိုသည်။သဘာဝဘေးအန္တရာယ် အနေဖြင့်လည်း အင်အားရှိငလျင် များ၊
မီးဘေး၊ မုန်တိုင်းဘေး၊ လျှပ် စစ်ပေါက်ကွဲမှုများကို သတိပြုကြ
ရမည်ဖြစ်ကြောင်း ဆရာမဒေါက် တာစောယုနွယ်ကဆိုထားကာ ဆရာဇင်ယော်နီက
အပူရှိန်လွန် ကဲမှုနှင့် မီးဘေးအား မြစ်နား၊ ချောင်းနား၊
မြေနုကျွန်းဒေသများ၊ မြေသစ်၊ ကွက်သစ်နေရာများမှာ အထူးသတိထားစေလိုကြောင်း
သတိပေးထားသည်။
ရာသီဥတုဖောက်ပြန်မှု ကြောင့် သောက်သုံးရေပြတ်လပ်
ခြင်းပြဿနာကိုကြီးမားစွာရင်ဆိုင် ရလိမ့်ဦးမည်ဖြစ်သည်ဟု ဗေဒင်
ပညာရှင်များက တညီတည်းဟော ထားကြသည်။
သူတို့က ဆက်လက်၍ နိုင်ငံ တွင် နိုင်ငံရပ်ခြားတိုင်းပြည်ကြီး များနှင့်
ဆက်သွယ်တိုးတက်မှုများ ပေါ်ထွန်းလာမည်ဖြစ်ပြီး စီးပွား ရေးကဏ္ဍအတွက်
အထူးကောင်း မွန်သည့် အခွင့်အလမ်းများ ပေါ်
လာမည်ဟုဆိုကြသည်။ခရီးသွားလာရေးနှင့် ဟိုတယ်လုပ်ငန်းများလည်း တိုး
တက်မှုကြုံရမည်ဖြစ်သည်။ စက် တင်ဘာလအတွင်း လေကြောင်း
သယ်ယူပို့ဆောင်ရေးလုပ်ငန်း တိုးတက်ပြောင်းလဲမှုကိုမြင်တွေ့ရ မည်ဖြစ်ကာ
တစ်ဖက်တွင်လည်း လေကြောင်းပိုင်းဆိုင်ရာ ထူးခြား
ဖြစ်စဉ်များကိုကြုံတွေ့နိုင်သည်ဟု ဆရာဦးဇေယျာကိုကဟောသည်။
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများမှာလည်း အိမ်ခြံမြေ အလုပ်များ
ယခင်ကထက်ပိုတိုး တက်လာမည်ဖြစ်ပြီး ယင်းကြောင့် ပင် အိမ်ခြံမြေဈေးကွက်မှာ
သိ သာစွာခုန်တက်မည့်အဖြစ်သို့ ရောက်ရှိလိမ့်ဦးမည်ဖြစ်ကြောင်း ဆိုသည်။
မြန်မာ့ငွေဈေးမာမှုကိုတွေ့ မြင်ရဦးမည်ဟုလည်းသိရသည်။ဆောက်လုပ်ရေးကန်ထ
ရိုက်များ၊ အိမ်အရောင်းအ၀ယ် လုပ်ကိုင်သူများ၊ အိမ်ဆောက်
ပစ္စည်းရောင်းဝယ်သူများ၊ ရွှေနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်
များယခုနှစ်တွင် အထူးသတိထား ရလိမ့်မည်ဖြစ်ကြောင်း ဆရာဇင်
ယော်နီကပြောသည်။ဇွန်၊ ဇူလိုင်လမှစတင်ပြီး ရွှေ ဈေးနှုန်းများ
ထိုးကျမှုကြောင့် မြန်မာ့ရွှေလုပ်ငန်းရှင်များ လုပ်ငန်း
ပိုင်းဆုံးရှုံးမှုဖြစ်ကြမည်ဟု ဦးဇေယျာကိုကဆိုသည်။
မြန်မာနှစ်စဖြစ်သော ဧပြီလ နှင့် ခရစ်နှစ်အကုန်ဒီဇင်ဘာလတို့ တွင်
ဝန်ထမ်းများ၏ အကျိုးခံစား ခွင့်အသစ်များ ပေါ်ပေါက်လာနိုင်
ကြောင်းသူကပြောသည်။ညှိနှိုင်းမရသော ပြဿနာ များ၊ မသင့်မြတ်သော အဖွဲ့
အစည်းများပြန်လည်သင့်မြတ်သော ကာလကိုလည်းကြုံတွေ့ရလိမ့်မည် ဟု
ဒေါက်တာစောယုနွယ်က ဟောသည်။
ထို့အပြင် မှေးမှိန်ကွယ် ပျောက်နေသော ခေါင်းဆောင် များ၊
အနုပညာရှင်၊အတတ်ပညာ ရှင်များ၊ ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များ
ပြန်လည်ပေါ်ထွက် လာမည့်အခါလည်းဖြစ်ကြောင်း ဒေါက်တာစောယုနွယ်က ဆက်
ဟောသည်။ပညာရေးပိုင်းအနေနှင့် သိသိသာသာ အဆင့်အတန်းမြင့်
များတိုးတက်လာလိမ့်မည်ဖြစ် ကြောင်း ဆရာဇင်ယော်နီက ဟောကြားသည်။
ယခုနှစ်အတွင်း ဘာသာ ရေးနှင်ပတ်သက်၍ ထူးထူးခြား ခြား
ထွန်းပေါက်သောပုဂ္ဂိုလ်ထူး များ ပေါ်ပေါက်လာလိမ့်မည် ဖြစ် ကြောင်း
ဆရာဇင်ယော်နီရော၊ ဒေါက်တာစောယုနွယ်က ပါ ဟောထားသည်။

ကြာသပတေးဂြိုလ်ကို ကိုယ် စားပြုသော ပညာရှင်များ အနေဖြင့် အကောင်းအဆိုး
နှစ်မျိုး ဒွန်တွဲနေမည်ဟု ဆရာ ဒေ၀ကဆိုသည်။စက်မှုပိုင်းဆိုင်ရာအလုပ်
များထွန်းကားတိုးတက် သည်နှင့် အမျှ ဆန်၊ဆီ၊ဆေး၊ဆား၊စပါး၊ ပြောင်း၊
ပဲသီးနှံများအထူးအထွက် တိုးမည့်နှစ်ဖြစ်ပြီးသည်ဟုဆရာဇင်
ယော်နီကဆိုလာသည်။ရေနံနှင့် သဘာဝဓတ်ငွေ့၊ သတ္တုတွင်းထွက်ပစ္စည်းများ အသစ်
တူးဖော်တွေ့ရှိမှုရှိပြီး တိုး တက်လိမ့်မည်ဖြစ်ကြောင်း ဆရာ
ဇင်ယော်နီနှင့်ဆရာဦးဇေယျာကို တို့နှစ်ဦးလုံးက
ဟောကြသည်။ကျန်းမာရေးပိုင်းအနေနှင့် နှလုံးအစားထိုးကုသခြင်း၊ သွေး
သစ်ပြောင်းခဲခြင်း၊ အသက်ကို ဆွဲဆန့်နိုင်ခြင်း၊ နှလုံးခုန်နှုန်အား
ထိန်းထားနိုင်ခြင်းတို့ကို ထူးခြားစွာ အောင်မြင်ကုသနိုင်လိမ့်မည်ဟု
ဒေါက်တာစောယုနွယ်ကဆိုထား ပြီး ဦးခေါင်းပိုင်း၊ ခြေထောက်ပိုင်း၊
လေနှင့်ပတ်သက်သောရောဂါများ သတိထားရန်လိုအပ်ကြောင်း
ဆရာဇင်ယော်နီကဆိုထားသည်။

ဆက်လက်၍ နက္ခတ်သိပံ္ပ အဖွဲ့မှ ဦးဇေယျာကိုက လတစ်လ ချင်းအတွက်
ဟောကိန်းအချုပ် များကိုယခုကဲ့သို့ထုတ်ထားသည်။ဧပြီလ ၁၉ရက်ဝန်းကျင်နှင့်
မေလ၂၀၀န်းကျင်တွင် ရွှေဈေးနှင့် ဒေါ်လာဈေးမြင့်တက်နိုင်ပြီး ၀န်
ထမ်းများအကျိုးခံစားခွင့် တစ်ရပ် ပေါ်လာမည်ဖြစ်သည်။ဇူလိုင်လတွင် လနှင့်အင်္ဂ
ါ ဂြိုဟ်တို့နီးကပ်စွာပုးယှဉ်မည်ဖြစ်ပြီး လက်နက်ကိုင်သောင်းကျန်းသူများ
နှင့် တပ်မတော်တို့ ပြင်းထန်သည့် တိုက်ပွဲဖြစ်စဉ်များပေါ်ပေါက်လာ
မည်ဖြစ်ကာ ညှိနှိုင်းဆွေးနွေးသည့် အခြေအနေရောက်ပြီးမှ ပြန်လည်
ပျက်ပြားသွားသည့်ဖြစ်ရပ်ပေါ်မည် ဖြစ်သည်။ဇွန်၊ ဇူလိုင်လများမှစပြီး ရွှေ
ဈေးထိုးကျသွားမည်ဖြစ်သည်။ သြဂုတ်လတွင် စာပေလွတ်လပ်
ခွင့်ထူးထူးခြားခြားရရှိခြင်းမျိုးဖြစ် ပေါ်မည်ဖြစ်ကာ သတင်းနှင့်မီဒီ
ယာပိုင်းဆိုင်ရာတိုးတက်မှုဖြစ်ထွန်း မည်ဖြစ်သည်။ စက်တင်ဘာလတွင် နိုင်ငံ
အုပ်ချုပ်သူတချို့ကျန်းမာရေးညံ့နိုင် ပြီး နယ်စပ်ဒေသတွင် အသေးစား
ငလျင်များဖြစ်ပေါ်နိုင်သည်။အောက်တိုဘာနှင့်နိုဝင် ဘာလတို့တွင်
နိုင်ငံရေးပိုင်း ထူး ခြားဖြစ်ရပ်အခြေအနေလေးများ ဖြစ်ပေါ်နိုင်ပြီး
ဒီဇင်ဘာလတွင် လစာငွေဆိုင်ရာတိုးတက်ပြောင်းလဲ မှုတစ်ရပ်ကို ပုဂ္ဂလိကရော၊ ၀န်
ထမ်းများပါ ခံစားရမည်ဖြစ်သည်။နောက်နှစ်ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတွင်
မြန်မာပြည် အထက်ပိုင်းတွင် အင်အားအသင့် ရှိငလျင်ဖြစ်ပေါ်နိုင်ပြီး
မတ်လတွင် အနောက်အင်အားကြီးနိုင်ငံခေါင်း ဆောင်များ မြန်မာနိုင်ငံသို့
လာရောက်လိမ့်မည်ဖြစ်ကြောင်း နက္ခတ်သိပံ္ပအဖွဲ့က အထက်ပါ
အတိုင်းဟောကိန်းထုတ်ထားသည်။

၁၃၇၃ခုနှစ်၏အတာတက် ချိန်သည် ၂၀၁၁ခုနှစ်၊ ဧပြီလ၁၆ ရက်နေ့ ည
၇နာရီ၄၅မိနစ်အချိန်ြ့ဖစ်ပြီးထိုအချိန်သည် တူလဂ်ရာ
သီခွင်တွင်တည်ရှိနေသောကြောင်း တနင်္ဂနွေသားများကံကောင်းပြီး
ဘ၀တစ်ဆင့်တက်မည်ဖြစ်ကာ ထူးချွန်ထွန်းပေါက်မည်ဖြစ်ကြောင်း ဆရာဒေ၀က
နေ့နံအလိုက်ဟော ပြောသည်။တနင်္လာသားသမီးများမှာ အညံ့ရှိပြီး အကုန်အကျအဆုံး
အရှုံးများမည်ဖြစ်သည်။ အင်္ဂါသား သမီးများမှာ ဖျားနာရောဂါဖြစ်၍ ရန်သူပေါ်မည်။
ဗုဒ္ဓဟူးသားသမီး များမှာလည်း ရောဂါဖြစ်တတ်ပြီး
လုပ်ငန်းစီးပွားရေးပျက်စီးတတ်မည်။ ကြာသပတေးများမှာ ရလိုက်ကုန် လိုက်ဖြင့်
အကောင်းအဆိုးဒွန်တွဲ နေမည်ဖြစ်သည်။ သောကြာသားသမီးများကံ ပွင့်ပြီး
ထူးချွန်အောင်မြင်တိုးတက် မည်ဖြစ်သည်။ စနေသားသမီးများ မှာ
အကုန်အကျအဆုံးအရှုံးအမျိုး မျိုးဖြစ်ပေါ်တတ်ပြီး တနင်္ဂနွေ၊ သောကြာ၊
ကြာသပတေးဂြိုဟ် များမှလွဲ၍ ကျန်ဂြိုဟ်အားလုံး ညံ့နေကြောင်း ဆရာဒေ၀က အ
ထက်ပါအတိုင်းဟောထားသည်။

ဗေဒင်ပညာရှင်များ၏ နှစ်သစ်အတွက်ဟောကိန်းများကို အနှစ်ချုပ်ရပါက
၁၃၇၃ခုနှစ်သည် မြန်မာနိုင်ငံအတွက် စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊
စသဖြင့် ကောင်းမွန်သော အခြေအနေသို့ တိုးတက်လိမ့်မည်ဖြစ်ပြီး အစိုးရ
သစ်နှင့်လည်း ကောင်းသော အပြောင်းအလဲများကိုလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း
သိရသည်။ရှောင်လွှဲမရသော သဘာဝ အန္တရာယ်များကိုလည်း ဂရုတစိုက်
သတိပြုနားစွင့်ထားကြရန်လိုအပ် သည်။ ""ကောင်းတာလုပ်ပါ။
မကောင်းတာမလုပ်ပါနဲ့။ စိတ်ကို ဖြူဖြူစင်စင်ထားပါဆိုတဲ့ ဗုဒ္ဓရဲ့
သြ၀ါဒအတိုင်း နေထိုင် ကျင့်ကြံခြင်းကို အမြဲဆောင်ရွက် ရန်လိုအပ်ပါသည် ဟု
ဒေါက်တာ စောယုနွယ်က တိုက်တွန်းထားပါ သည်။

Bookmark and Share
 
Powered by Blogger